COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတုတ္ထအကြိမ်မြောက်လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတုတ္ထအကြိမ်မြောက် လှူဒါန်းမှုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai က ပြောကြားရာတွင် -

• ယနေ့၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၈) ရက်နေ့သည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ် (၇၀) ပြည့်မြောက်သည့် အခါသမယဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံ အပြန်အလှန်ချစ်ကြည်လေးစားမှု၊ ထောက်ခံမှု၊ ကူညီမှု၊ အတူတကွဖွံ့ဖြိုးမှုတို့ဖြင့် အေးအတူ ပူအမျှအသိုက်အဝန်းတစ်ခုကို ထူထောင်ခဲ့ရာ COVID-19 ရောဂါဖြစ်စဉ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊

 

• မြန်မာနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးဆောင်၍ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်နိုင်မှုအခြေအနေသည် ကောင်းမွန်သည့်ဘက်သို့ ဦးတည်နေသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊

• မိမိအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုယ်စား လာရောက်လှူဒါန်းခြင်းဖြစ်ပြီး ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အားဖြည့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊

• ဆက်လက်၍လည်း နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ရင်းနှီးမှုဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများမှ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုစေရန် ဆန္ဒမွန်ပြုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြား ခဲ့ရာတွင် -

• တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခု COVID-19 ဖြစ်စဉ်အတွက်သာမက (၂၀၁၇) ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါဖြစ်စဉ်တွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊

• ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အသိပညာပေး နှိုးဆော်မှုများကို ပြည်သူများကိုယ်တိုင်လိုက်နာဆောင်ရွက်ခြင်း၊ ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နေမှုများကြောင့် ဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ယခု စတုတ္ထကြိမ်လှူဒါန်းမှုများအပါအဝင် စုစုပေါင်းအမေရိကန် ဒေါ်လာ (၆.၃) သန်းတန်ဖိုးရှိသော ဆေး၊ ဆေးပစ္စည်းကိရိယာနှင့် ဓာတ်ခွဲပစ္စည်းများကိုလှူဒါန်းခဲ့ပါကြောင်း၊

 

• ထိုသို့လှူဒါန်းမှုများတွင် Alibaba Foundation နှင့် Jack Ma Foundation တို့မှလည်း အမေရိကန်ဒေါ်လာ (၁၄၂,၅၀၀) တန်ဖိုးရှိ လှူဒါန်းမှုများပြုလုပ်ခဲ့ပါကြောင်း၊

• ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပညာရှင်များ မြန်မာနိုင်ငံသို့လာရောက်၍ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ သင်တန်းများပြုလုပ်ပေးခဲ့ခြင်း တို့သည် မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိပါကြောင်း၊

• ယခုကဲ့သို့ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လှူဒါန်းမှုများနှင့် ပံ့ပိုးကူညီမှုများ အပေါ်ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့ လှူဒါန်းခဲ့မှုများသည် ယခု COVID-19 ဖြစ်စဉ်အတွက်သာမက နောင်အခါ အခြားသောလူနာများအတွက်လည်း အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတုတ္ထအကြိမ်မြောက် လှူဒါန်းမှုများအနေဖြင့် အမေရိကန်ဒေါ်လာ (၁.၀၆) သန်း တန်ဖိုးရှိ ဆေးရုံသုံး ပါးစပ်နှင့်နှာခေါင်းစည်း (၁၄၀,၀၀၀) ခု၊ N95 Mask (၃၀,၀၀၀) ခု၊ မျက်လုံးအကာမျက်မှန် (၃၀,၀၀၀) ခုနှင့် ရောဂါကာကွယ်ရေးဝတ်စုံ (၁၂,၀၀၀)ခု အား လှူဒါန်းခဲ့ပါသည်။

More Tags