Coronavirus Diseases 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (14-3-2020, 8:00PM)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီမှ (၁၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအထိ စောင့်ကြည့်လူနာ (၇) ဦး ရှိခဲ့ပြီး ၎င်းတို့အနက် လူနာ (၄) ဦး၏ ဓာတ်ခွဲ နမူနာကို (၁၄-၃-၂၀၂၀) ရက်နေ့တွင် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ပြီး ၎င်းတို့၏အဖြေများမှာ ပူးတွဲပါ ဇယား (၂) တွင် ဖော်ပြထား မည်ဖြစ်ကြောင်းနှင့် ကျန် လူနာ (၃) ဦးအပြင် ဓာတ်ခွဲနမူနာပေးပို့ရန်စီစဉ်ဆဲဖြစ်သော လူနာ (၁) ဦး၊ စုစုပေါင်း လူနာ (၄) ဦးတို့၏ ဓာတ်ခွဲနမူနာအား ဆက်လက်၍ ပေးပို့စစ်ဆေးရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။ (ဇယား -၁)

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆း၀၀) နာရီမှ ညနေ (၆း၀၀) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၉) ဦး၏ ဓာတ်ခွဲအဖြေများ တွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)

၄။ (၁၄-၃-၂၀၂၀) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် အသက် (၄၀) နှစ်နှင့် အသက် (၃၄) နှစ်အရွယ် သီလရှင် (၂) ပါးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုမရှိသော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နေထိုင်ခဲ့သည့် ရာဇဝင် ရှိသဖြင့် ၎င်းတို့အား တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး (၁၄) ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

၅။ (၁၄-၃-၂၀၂၀) ရက်နေ့အရ ဓာတ်ခွဲနမူနာပေးပို့ရန် စီစဉ်ဆဲဖြစ်သော စောင့်ကြည့်လူနာ (၄) ဦး၏ ဓာတ်ခွဲနမူနာများမှလွဲ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ရောက်ရှိပြီးဖြစ်သော ဓာတ်ခွဲနမူနာအားလုံး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

၆။ ယနေ့ (၁၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ (၄) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

၇။ (၁၄-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၁၂၃) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

More Tags