Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၅) ရက်နေ့

     Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီသို့ မြန်မာ့ရိုးရာ သနပ်ဖက်လိပ်လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၃၅၀) နှင့် မန်းအောင်ငြိမ်းဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀)တို့ကို ယနေ့ နေ့လယ် ပိုင်းတွင် Coronavirus Disease 2019 (COVID - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် လက်ခံခဲ့ပါသည်။

     အလှူရှင်များက လှူဒါန်းရသည့်အကြောင်းရင်းကို ပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံး အခြေ အနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို နားထောင်ပြီးနောက် မိမိတို့ အနေဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို သုံးစွဲနိုင်ရန် လာရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် လှူဒါန်းငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် -
• ဤလှူဒါန်းငွေများကို ပြည်သူများအတွက် အလေအလွင့်မရှိစေဘဲ အကျိုးရှိစွာအသုံးပြုသွား မည် ဖြစ်ကြောင်း၊
• ယခုလှူဒါန်းငွေများသည် ယခုဖြစ်ပွားနေသော COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်သာမက အထူးကြပ်မတ်ကုသဆောင် များတွင် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ဝယ်ယူတပ်ဆင် သုံးစွဲနိုင်မည်ဖြစ်၍ အရေးပေါ် လူနာများ၊ အသည်းအသန်ဖြစ်နေသော လူနာများကို ကုသရာတွင် အလွန်အသုံးဝင် မည်ဖြစ်၍ ရေရှည်အကျိုးရှိမည် ဖြစ်ပါကြောင်း၊
• ယခုလှူဒါန်းမှုသည် လှူဒါန်းသူများအတွက် အလွန် ကုသိုလ်ရပြီး အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ယင်းလှူဒါန်းပွဲသို့ တက်ရောက်လာကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဒုတိယအမြဲအတွင်းဝန် (ကျန်းမာရေး)၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags