Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၁၁) ရက်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရေးအတွက် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• ပြည်ပမှ လှူဒါန်းပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများအား တတ်အားသရွေ့ ပါဝင်ကူညီသည့်အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ လစာငွေများမှ လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် group တို့မှ လှူဒါန်းဖွင့်လှစ်ထားသည့် COVID-19 ကုသရေးဌာန၊ မရမ်းကုန်း (အင်းယားစင်တာ)၏ ဦးစီးကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက လှူဒါန်းရသည့် အကြောင်းအရင်းများကို Videoconferencing စနစ်ဖြင့် ရှင်းလင်းပြောကြားရာတွင် -


• အင်းယားစင်တာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုများနှင့်အညီ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း (၁၀,၀၀၀) နှင့် ရွှေသံလွင် ကုမ္ပဏီမှ ငွေကျပ် သိန်း (၃,၀၀၀) စုစုပေါင်း ကျပ်သိန်း တစ်သောင်းသုံးထောင် ကနဦးမတည်လှူဒါန်း၍ Yangon Convention Center တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၁၀)ရက်နေ့မှ စတင် ဖွင့်လှစ်ကာ ကိုဗစ်အတည်ပြု လူနာများကို ပြုစုစောင့်ရှောက် ပေးနေခြင်းဖြစ်ပါကြောင်း၊

• Inya Centre Molecular Laboratory (Covid-19) ကို အင်းယားစင်တာမှ မတည်ရင်းနှီးငွေ သိန်းပေါင်း (၅,၃၀၀) ကျော်ဖြင့် အင်းယားစင်တာ ပရဝုဏ်အတွင်း ဆောင်ရွက်ထားပြီး ယခုလှူဒါန်းသည့် WHO နှင့် အမေရိကန်နိုင်ငံ FDA အသိအမှတ်ပြုလက်မှတ် ရရှိထားသော Boimeme RT-PCR (၁၀) လုံးနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် COVID -19 ရောဂါကို စစ်ဆေးပေးသွားမည် ဖြစ်ပါကြောင်း၊

• ကမ္ဘောဇဘဏ်သည် ဖေဖေါ်ဝါရီလ (၂၆)ရက်မှ စတင်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ်(၈၄,၀၀၄) သိန်း၊ သိန်းပေါင်း (ရှစ်သောင်းလေးထောင်လေးသိန်း) လှူဒါန်းထားရှိပါကြောင်း၊

• ကမ္ဘောဇဘဏ်၊ ရွှေသံလွင်ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများသည် ဆက်လက်၍လည်း နိုင်ငံတော်နှင့်ပြည်သူအတွက် လှူဒါန်းသွားရန် စီစဉ်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက Videoconferencing စနစ်ဖြင့် ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ရာတွင် -

• ရန်ကုန်တိုင်းဒေသကြီးသည် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို ခံစားနေရပြီး ပြည်သူများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများနှင့် လုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါပိုးစစ်ဆေးမှု အခန်းကဏ္ဍသည် အထူးအရေးကြီးသည့်အတွက် ယခုကဲ့သို့ လှူဒါန်းမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊

• COVID-19 ကုသရေးဌာန (အင်းယားစင်တာ) ကို တည်ဆောက်နိုင်ခဲ့သည့်အတွက် COVID-19 ရောဂါဖြစ်ပွားသူ ပြည်သူများအား ကုသမှုပေးရာတွင် များစွာ အထောက်အကူ ဖြစ်ခဲ့ပါကြောင်း၊

• မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများနှင့်အတူ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် လက်တွဲပူးပေါင်းကာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်း တာဝန်ထမ်းဆောင်ကာ COVID-19 လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊


• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ရရှိရန်မှာ အထူးအရေးကြီးပါကြောင်း၊

• ထိုသို့ ဆေးဝါးနှင့်ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားကာ ဆောင်ရွက်ပေးခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများက မိမိတို့၏ လစာများမှ လှူဒါန်းခြင်းမှာ မွန်မြတ်သော အလှူဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ထိန်းချုပ်ရာတွင် ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြုလူနာဖော်ထုတ်မှုနှင့် ၎င်းလူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ် ဓာတ်ခွဲစစ်ဆေးခြင်းများသည် အရေးကြီး ပါကြောင်း၊

• ယခုကဲ့သို့ လှူဒါန်းမှုများကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်စေမည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျှော်အမြင်ရှိစွာဖြင့် COVID-19 ကုသရေးဌာန (ဖောင်ကြီး) အပါအဝင် ကုသရေးဌာနများ တည်ဆောက်ရာတွင် ပံ့ပိုးပေးခဲ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှု လှိုင်းငယ်များရှိလာနိုင်ပြီး ကူးစက်မှုလှိုင်းများ မကြီးမားစေရန်နှင့် ၎င်းလှိုင်းများ တစ်ခုနှင့် တစ်ခုအကြား အချိန် ကွာခြားမှုကြာမြင့်စေရန်အတွက် COVID-19 ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်း၊

• စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးပေါ်ပေါက်ပြီးနောက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှုပမာဏ အပေါ်မူတည်၍ အချိန်ကြာမြင့် နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်သည့်ရောဂါဖြစ်ခြင်း စသည့်အချက်များကြောင့် ပြည်သူများအနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) နှင့် Surgical Mask အခု (၁) သိန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် အင်းယားစင်တာမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ Inya Centre Molecular Laboratory (Covid-19)ကို ပေးအပ်လှူဒါန်းခဲ့ပြီး၊ ဓာတ်ခွဲခန်းတွင် အသုံးပြုရန် ကျပ်သိန်း (၅,၁၅၀) ခန့်တန်ဖိုးရှိ RT- PRC စက် (၁၀) လုံးနှင့် PCR Test Kit (၁၀,၀၀၀) ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

More Tags