Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်း (7-4-2020)

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဧပြီလ (၇) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံး ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ လှူဒါန်းမှုများ လက်ခံခဲ့ပါသည်။

 

     ရှေးဦးစွာ အလှူရှင်များကိုယ်စား ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် Unilever ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတစ်ဦးတို့က လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအပေါ်ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လှူဒါန်းသည့် လှူဒါန်းငွေများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို အကျိုးရှိထိရောက်စွာ အသုံးချသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန) တို့က အလှူရှင်များ ပေးအပ်လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ယနေ့ လှူဒါန်းပွဲတွင် ပညာရေးဝန်ကြီးဌာနက ကျပ် (၃၇) သိန်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက ကျပ် (၁၉) သိန်း၊ ဦးမောင်ကြူ (OK ဂျုံမုန့်) + ဒေါ်သန်းသန်းဌေး၊ သား၊ သမီး၊ မြေးများနှင့် ဝန်ထမ်းများက ကျပ် (၁,၁၀၀) သိန်း၊ ဦးဝင်းမြင့်မောင် မိသားစုနှင့် သူငယ်ချင်းမိသားစုများက ကျပ် (၅၀၀) သိန်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းက ကျပ် (၁၀၀) သိန်း၊ ဝါဏိဇ္ဇဘွဲ့ရများအသင်း (မြန်မာနိုင်ငံ) နှင့် စေတနာရှင်များက ကျပ် (၁၀၀) သိန်း၊ ဦးအောင်လင်း+ ဒေါ်စန်းစန်းမြင့် သား ဦးမျိုးသန့်၊ ဒေါက်တာဇေယျာလင်း၊ မင်းထင်ပဲငံပြာရည်လုပ်ငန်းက ကျပ် (၂၀၀) သိန်း၊ Unilever ကုမ္ပဏီလီမီတက်က ကျပ် (၂,၂၀၀)သိန်းခန့် တန်ဖိုးရှိ သန့်ရှင်းရေးသုံးပစ္စည်းများ၊ RVK ကုမ္ပဏီလီမီတက်က ကျပ် (၁၀၀) သိန်းခန့် တန်ဖိုးရှိ ဆေးပစ္စည်းများ၊ Nebular ကုမ္ပဏီလီမီတက်က ကျပ် (၅၀) သိန်းတန်ဖိုးရှိ Mask (၁၅,၀၀၀) ခု၊ စော်ဘွားလေးဘိုဘိုမောင် မိသားစုမှ ကျပ် (၁၅) သိန်းတန်ဖိုးရှိ တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံ (၄၀) နှင့် လက်သန့်စင်ဆေးရည်များ၊ ဦးအောင်ဇော်ဝင်း မိသားစုက ကျပ် (၇) သိန်းခန့် တန်ဖိုးရှိ Mask (၂,၀၀၀)ခု၊ Access Spectrum က ကျပ် (၆၆) သိန်းခန့် တန်ဖိုးရှိ Hand Speaker (၆၀၀) ခု၊ Mr. Fahmid Bhulya (PGMF) က ကျပ် (၁၀) သိန်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက ကျပ် (၁၅) သိန်း၊ Miniso ကုမ္ပဏီလီမီတက် ကျပ် (၁၂.၇၅) သိန်း တန်ဖိုးရှိ Surgical Mask and N95 Mask များ၊ MT Golden Denise – on Board Myanmar Seafarers & Friends က အမေရိကန်ဒေါ်လာ (၁၀၅၀)၊ Light House မှ ကိုထွန်းဝင်းအောင်နှင့် မောင်နှမများက ကျပ် (၁၀) သိန်း၊ (၁၉၈၂) ခုနှစ် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဘွဲ့ ကျောင်းသူကျောင်းသားများက ကျပ် (၁၅) သိန်း၊ AA Medical က ကျပ် (၁၂၇) သိန်းခန့် တန်ဖိုးရှိ Oxygen Concentrator (၂၀) ခု နှင့် ဟန်စိန်သန့် ကုမ္ပဏီ က ကျပ် (၁၅၀) သိန်းတို့ကို အသီးသီးလှူဒါန်းခဲ့ကြပါသည်။

More Tags