Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၈) ရက်

     ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။


 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း၊ ကုမ္ပဏီ အလိုက်သော်လည်းကောင်း အလှူငွေများ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ လှူဒါန်းမှုများသည် ကျန်းမာရေးဝန်ထမ်းများအတွက် များစွာအထောက်အကူပြုပါကြောင်း၊

• အလှူရှင်များလှူဒါန်းသည့် လှူဒါန်းငွေနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြုကာ အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်တင်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သဖြင့် COVID-19 လူနာများ အတွက်သာမက နောင်ကာလများတွင် အထူးကြပ်မတ်ကုသဆောင်များ၌ ထားရှိကုသရမည့်အခြား လူနာများအတွက်လည်း များစွာအကျိုးပြုမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

    ထို့နောက် အလှူရှင်များကိုယ်စား မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌက ငွေလှူဒါန်းရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာထိုင်ခင်း၊ အဆောက်အဦ ပံ့ပိုးရခြင်း အကြောင်းအရင်းများကိုလည်းကောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင် ဂုဏ်ပြုလွှာများ အသီးသီး ပေးအပ်ခဲ့ပါသည်။

     အဆိုပါ လှူဒါန်းပွဲ၌ ရာဇဌာနီ (အကျိုးတူ) ကျောက်မျက်ကုမ္ပဏီက ကျပ် (၅၀၀) သိန်း၊ နန်းထိုက်ပြည့်ပိုင်ကျောက်မျက်ကုမ္ပဏီက ကျပ် (၅၀၀) သိန်း၊ ဧရာရတနာကျောက်မျက်ကုမ္ပဏီက ကျပ် (၅၀၀) သိန်း၊ ထွန်းတောက်ဇမ္ဗူကျောက်မျက်ကုမ္ပဏီက ကျပ် (၅၀၀) သိန်း၊ မြန်မာနိုင်ငံ လယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များအသင်းက ကျပ် (၃၃၅) သိန်းနှင့် အငြိမ်းစား ဆရာ/ဆရာမကြီးများ ကျန်းမာရေးအထူးစောင့်ရှောက်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ကဘက - အထက (၆)၊ ဗိုလ်တထောင်) (စိန်ပေါလ်) ကျောင်းသားဟောင်းများ)က ကျပ် (၇၀) သိန်းတို့ကို အသီးသီးလှူဒါန်းခဲ့ပါသည်။

More Tags