Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် သုံးစွဲရန် ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

Union Minister Dr. Myint Htwe receives the donation for the activities for prevent, contain and response to COVID-19

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၉) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အလှူရှင် ဦးမောင်ဝိတ် (စေပိုင်ကုမ္ပဏီ၊ အမှတ် - ၁၀၅ ဘီ၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်) မှ မြန်မာနိုင်ငံပြည်သူများအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သုံးစွဲရန် ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းမှုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ အလှူရှင် ဦးမောင်ဝိတ်က လှူဒါန်းရသည့် အကြောင်းအရင်းကို ပြောကြားရာတွင် -

• မိမိအနေဖြင့် မြန်မာနိုင်ငံပြည်သူများတွင် COVID-19 ရောဂါ မဖြစ်ပွားစေရေးနှင့် ဝင်ရောက်ဖြစ်ပွားပါကလည်း သေဆုံးမှုမရှိစေရေးဆောင်ရွက်နေသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊

• ထပ်မံလိုအပ်ပါကလည်း လှူဒါန်းမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

    ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအပေါ်ကျေးဇူးတင်ရှိကြောင်း ပြောကြားရာတွင် -

• ယခုကဲ့သို့ လှူဒါန်းခြင်းသည် (COVID-19) ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊
• လှူဒါန်းငွေများကို အသုံးပြု၍ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများဝယ်ယူခြင်းဖြင့် ယခု (COVID-19) ရောဂါအတွက်သာမက နောင်အခါတွင် အခြားရောဂါလူနာများအတွက်ပါ အကြိမ်ကြိမ်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ကုသိုလ်၊ အကျိုး အကြိမ်ကြိမ်ရရှိမည် ဖြစ်ပါကြောင်း၊

• ကိုယ်တိုင်ရောဂါကူးစက်ခံရနိုင်ချေရှိသည့်တိုင် လူနာများအား အားထုတ်ကြိုးပမ်းကုသမှုပေးနေသော ဆရာဝန်၊ သူနာပြု၊ ကုသမှုအထောက်အကူပြု ပညာရှင်များ အားလုံးအတွက်လည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလှူ‌ငွေ ကျပ် သိန်း (၃,၀၀၀) ကို အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း တို့နှင့် အတူ လက်ခံခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာပြန်လည် ပေးအပ်ခဲ့ပါသည်။

More Tags