2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လက်တွေ့မြေပြင်အခြေအနေများကို ပြည်ထောင်စုဝန်ကြီးလှည့်လည်ကြည့်ရှု

Union Minister Dr. Myint Htwe inspects the preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

ရန်ကုန်မြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပခဲ့သော 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများ သေချာစေရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လေဆိပ်ကျန်းမာရေးဌာနခွဲ နှင့် အောင်ဆန်းတီဘီရောဂါကုဆေးရုံကြီးတွင် ရှိသော ရောဂါပိုးဓာတ်ခွဲစစ်ဆေးသည့် ဇီဝလုံခြုံမှုအဆင့် ၃ (Bio Safety Level 3) ရည်ညွှန်းဓာတ်ခွဲခန်း တို့သို့သွားရောက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
• ယမန်နေ့အစည်းအဝေးတွင် သက်ဆိုင်ရာဌာနအသီးသီးမှ တင်ပြထားရှိခဲ့သည့် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများသည် ကျေနပ်ဖွယ်ရှိပါကြောင်း၊
• နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မူဆယ်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ်၊ တမူး အပါအဝင် မြန်မာ-တရုတ်၊ မြန်မာ-ထိုင်းနှင့် မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ဗဟိုကူးစက်ရောဂါဌာနခွဲ (CEU) မှ ကပ်ရောဂါဗေဒဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးကို လုပ်ငန်းများကို ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ချထားမည်ဖြစ်ပါကြောင်း၊
• ထို့အပြင် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး လမ်းကြောင်းများကို တိကျစွာသတ်မှတ်ပေးရမည် ဖြစ်ပါကြောင်း၊
• ထိုသို့ နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်လမ်းကြောင်းများ၌ သေချာစွာ ရောဂါစောင့်ကြပ်ကြည့်ရှုဆောင်ရွက်နိုင်ပါက သံသယလူနာများနှင့် ရောဂါဖြစ်ပွားသူများကို စောစီးစွာ သိရှိထောက်လှမ်းနိုင်မည်ဖြစ်ပြီး အချိန်မီကုသခြင်းနှင့် ကူးစက်ပြန့်ပွားမှုတို့ကို ကာကွယ်တားဆီးတုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊
• သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက မိမိဒေသအတွင်းရှိ နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) သို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ရောဂါဖြစ်ပွားရာ ဒေသများမှဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများ မရှိသော်လည်း ၎င်းတို့တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများကို မှတ်သားထားရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတဆင့် သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များသို့ အဆိုပါခရီးသည်များ နာမကျန်းဖြစ်သည်ဟု သံသယရှိပါက ကျန်းမာရေးဌာနသို့ အသိပေးအကြောင်းကြားပေးရန် ဆက်သွယ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ ဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများနှင့် ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများအား ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ရောဂါကာကွယ်မှုဆိုင်ရာ အသိပညာအချက်အလက်များ၊ သတင်းပေးပို့ရမည့် အခြေအနေနှင့် လမ်းကြောင်းများကို ကြိုတင်အသိပေးထားရမည်ဖြစ်ပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်းခရီးဖြင့်လာရောက်သည့် ခရီးသည်များအား စနစ်တကျ ပြည့်စုံစွာဖြည့်စွက်စေရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတကာလေကြောင်းလိုင်းများသို့ အကြောင်းကြားထားရမည်ဖြစ်ပါကြောင်း၊
• တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါဖြစ်ပွားမှု၊ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု အခြေအနေများကို မျက်ခြေမပြတ်လေ့လာ၍ တုံ့ပြန်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အစည်းအဝေးသို့ တက်ရောက်လာကြသူများကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ လေဆိပ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး)နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဝေဘာဂီအထူးကုဆေးရုံကြီးသို့သွားရောက်၍ ရောဂါဖြစ်ပွားသူများ လာရောက်ပါကဆောင်ရွက်မည့် အစီအစဉ်နှင့် ကြိုတင်ပြင်ဆင်ထားရှိသည့် မြေပြင်အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

 

     ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
• ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သံသယလူနာများ၊ ရောဂါအတည်ပြုလူနာများ လွှဲပြောင်းကုသမှုလက်ခံရန်နှင့် ထားရှိကုသရန်ဆောင်ရွက်ထားမှု၊ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများသည် ကျေနပ်ဖွယ်ရာ ရှိသည်ကို တွေ့ရှိရပါကြောင်း၊
• သီးခြားလူနာခန်းများထားရှိမှု အခြေအနေသည်လည်း အနည်းဆုံးလိုအပ်သည့် နိုင်ငံတကာ အဆင့်အတန်းများ (minimum international standard) ရှိသည်ကို တွေ့ရှိရပါကြောင်းပြောကြားခဲ့ပြီး ကျွမ်းကျင်ပိုင်းဆိုင်ရာ အချက်အလက်များကို ဆေးရုံအုပ်ကြီး၊ ပါမောက္ခများနှင့် ဆွေးနွေးကာ လမ်းညွှန်မှာကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ဆောက်လုပ်ဆဲ (၂) ထပ်လူနာဆောင်သစ်နှင့် (၃) ထပ်လူနာဆောင်သစ်များကို သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံး ဆောက်လုပ်ပြီးစီးရေးအတွက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လေဆိပ်ကျန်းမာရေးဌာနခွဲတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     ဆက်လက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တာဝန်ယူစီမံခန့်ခွဲဆောင်ရွက်နေကြသော Yangon Aerodrome ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးခိုင်၊ အထွေထွေမန်နေဂျာ ဦးရဲခိုင်၊ လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီမှ ဦးဇွဲမာန်အောင်တို့လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိကြီးများနှင့် လည်းကောင်း တွေ့ဆုံ၍ -

• နိုင်ငံတကာမှ ဝင်ရောက်လာသော ခရီးသည်များကို Thermal Scanner အသုံးပြု၍ အဖျားရှိ၊ မရှိ၊ သံသယလူနာစစ်ဆေးခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်ရေး၊
• လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများသည် များပြားလှသော ခရီးသည်များနှင့် နေ့စဉ်ထိတွေ့နေရသဖြင့် ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မျက်နှာဖုံးများ စနစ်တကျတပ်ဆင်ခြင်းနှင့် လက်သန့်စင်ပိုးသတ်ဆေး (hand sanitizer) အသုံးပြုရေး၊ လူနာများထံမှ ချောင်းဆိုးခြင်းနှင့်နှာချေခြင်းတို့မှ တစ်ဆင့်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် မှန်အကာအကွယ်ငယ်များတပ်ဆင်အသုံးပြုရေး၊
 

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသော Health Declaration Form များကို ပြည့်စုံစွာဖြည့်စွက်ထားသည့် ခရီးသည်များကိုသာ ဝင်ရောက်ခွင့်ပြုရေး၊
• သံသယလူနာ တွေ့ရှိပါက လေဆိပ်မှ ဝေဘာဂီအထူးကုဆေးရုံကြီးထံသို့ စနစ်တကျလွှဲပြောင်းကုသရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အင်းစိန်မြို့နယ်၊ အောင်ဆန်းတီဘီရောဂါဆေးရုံကြီးတွင်ရှိသော ရောဂါပိုးဓာတ်ခွဲစစ်ဆေးသည့် ဇီဝလုံခြုံမှုအဆင့် ၃ (Bio Safety Level 3) သို့ ရည်ညွှန်းဓာတ်ခွဲခန်း သွားရောက်ကြည့်ရှုရာတွင် - သံသယလူနာထံမှ ဓာတ်ခွဲနမူနာကို မြန်မာနိုင်ငံ၊ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲခန်း (ရန်ကုန်) တွင် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုး ရှိ၊ မရှိအား ဓာတ်ခွဲစစ်ဆေးအတည်ပြုနိုင်ရန်လိုအပ်သော Primer, Probe, Reagent နှင့် PCR kit ဓာတ်ခွဲစမ်းသပ်ပစ္စည်းများကို ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်နိုင်ငံ CDC တို့နှင့် ဆက်သွယ်တောင်းခံ၍ မိမိတို့နိုင်ငံ၌ ဤရောဂါပိုးကို ဓာတ်ခွဲအတည်ပြုစစ်ဆေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

 
 

More Tags