2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (30-1-2020)

Union Minister Dr. Myint Htwe attends the central level daily coordination meeting (3/2020) on preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၈) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။


 

အစည်းအဝေးတွင် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက -

• ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ ထုတ်ပြန်ချက်နှင့် သတင်အချက်အလက်များ၊


 

• နှီးနွှယ်ဝန်ကြီးဌာနများမှ ပေးပို့သော သတင်းအချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် Video conferencing နှင့် Teleconferencing ပြုလုပ်၍ သတင်းပေးပို့ဖလှယ်ခြင်း၊ လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ခြင်း၊


 

• နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာ ကျောင်းသူ/ကျောင်းသား (၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ်စေလွှတ်ခေါ်ယူသွားရန်အတွက် လိုအပ်သည့် လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးအကြောင်းကြားထားမှု၊ ထိုသို့ဆောင်ရွက်ရာတွင် ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု စသည်တို့အပါအဝင် အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယခုအချိန်ကာလတွင် အရှိန်အဟုန်ဖြင့် အားလုံးစုစည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ယခုနေ့စဉ်အစည်းအဝေး ဆွေးနွေးမှုမှတ်တမ်းများကို တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဆင့်သို့ အီးလ်မေးဖြင့် နေ့စဉ် ဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊


 

• ရောဂါဖြစ်ပွားမှုဖြစ်စဉ်များသည် နေ့စဉ်နှင့် အမျှ၊ နာရီနှင့် အမျှ ပြောင်းလဲနေမည်ဖြစ်သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်၊ US CDC၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင် အင်တာနက်စာမျက်နှာများ စသည်တို့ကို မျက်ခြေမပြတ်စောင့်ကြည့်ကာ ထူးခြားသတင်းအချက်အလက်များရှိပါက တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ချက်ချင်းဆက်သွယ်ပြောဆိုရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ကိစ္စရပ်များကို ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊

• နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာ ကျောင်းသူ/ကျောင်းသား (၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ်စေလွှတ်ခေါ်ယူသွားရန် ဆောင်ရွက်နေမှုတွင် ဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ quarantine ထားရှိရန် ဆောင်ရွက်ထားရှိမှုများကို လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ စေ့စပ်သေချာစွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

 


 

 


 

 


 
 

More Tags