(၃)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရမြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားအဖွဲ့အား ဂုဏ်ပြု

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့

     အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တွင် အောက်တိုဘာ (၆)ရက်မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၃)ကြိမ်မြောက်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင်အောင်မြင်မှုရရှိသော နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများနှင့် နည်းပြများ အား ဂုဏ်ပြုဆုချီးမြှင့် ခြင်းအခမ်းအနားကို ယမန်နေ့ည(၆)နာရီက ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ M3 Food Center ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းလွင်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အမှုဆောင်များ၊ အောင်ပွဲရမြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက် ရောက်ကြသည်။

 

     ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြား၍လည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းလွင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 

     ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က မီတာ(၅၀)နောက်ပြန်ကူးပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရ ကျော်ထူးနှင့် မီတာ(၁၀ဝ)နောက်ပြန်ကူးငွေတံဆိပ်ဆုရ အောင်မြင့်မြတ်၊ မျက်မမြင်စစ်တုရင် တစ်ဦးချင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ ကောင်းစံနှင့် မျက်မမြင်စစ်တုရင်အသင်းလိုက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ ကောင်းစံ၊ မျိုးဆန်းအောင်နှင့်သန်းဌေးတို့အား ငွေတံဆိပ်(၁)ခုလျှင်ငွေကျပ် သိန်း(၃၀)စီအား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ရေကူးမီတာ(၅၀)အလွတ်ကူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ အောင်မြင့်မြတ်နှင့် မီတာ(၁၀ဝ)ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ အောင်ငြိမ်းဦး တို့အား ဂုဏ်ပြုဆုငွေကျပ် (၂၀)သိန်း စီနှင့် နည်းပြဆရာများ အား တစ်ဦးလျင် ငွေကျပ်(၅)သိန်း နှုန်းဖြင့် နည်းပြ(၃)ဦးအတွက် ကျပ်(၁၅)သိန်း တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

 

     ဆက်လက်၍ အောင်ပွဲရမြန်မာ့လက်ရွေးစင်မသန်စွမ်းအဖွဲ့နှင့်အာရှအဆင့် (၇)မှ အဆင့်(၅)သို့တက်လှမ်းနိုင်ခဲ့သော ထိုင်လျက်ဘော်လီဘောအသင်းတို့အတွက် အလှူရှင် အသီးသီးကဂုဏ်ပြုဆုငွေကျပ် (၁၃၂)သိန်းကိုပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းလွင် ကလက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့မှ ဆုရရှိသူ တစ်ဦး က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

     အဆိုပါဂုဏ်ပြုပွဲတွင်ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၂)ခုရရှိသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့်နည်းပြများအား ငွေတံဆိပ်(၁)ခုလျင်ကျပ်သိန်း(၃၀)၊ ကြေးတံဆိပ် တစ်ခုလျင်ကျပ်သိန်း(၂၀)၊ နည်းပြတစ်ဦးလျင်ကျပ်(၅)သိန်းစီဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၇၅) သိန်းဖြစ်ကြောင်းသိရှိရသည်။

More Tags