၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား တနင်္သာရီတိုင်းဒေသကြီးအသင်း ဆွတ်ခူးရရှိ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီ (၂၃)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်ကို ယနေ့ ညနေ (၃)နာရီ အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှု ဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘောလုံးဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြပါသည်။

 

     ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားကြရာ တတိယလုပွဲစဉ်အဖြစ် နံနက်(၇)နာရီခွဲ အချိန်တွင် နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်အသင်းမှ မွန်ပြည်နယ်အသင်းကို (၃)ဂိုး၊ ဂိုး မရှိဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ညနေ(၃)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေကြီး အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို(၃)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲ သွားပါသည်။

 

     ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အကောင်းဆုံး ဂိုးသမားဆုရရှိသွားသော ကျောနံပါတ်(၁) ဝေယံ(မကွေး)၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ် (၁၆) စောမို့မောင်မောင်(မွန်)၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၇) ရဲဌေး(တနင်္သာရီ)၊ ရှေ့တန်း အကောင်းဆုံး အားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၈) စိုးလင်းအောင်(နေပြည်တော်)၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုရရှိသွားသော ကျောနံပါတ်(၁ဝ) ဝင်းလှိုင်ဦး(တနင်္သာရီ)တို့အား ငွေသားဆုများကို အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များက လည်းကောင်း၊ တတိယဆုရရှိသွား သော နေပြည်တော်အသင်းအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက လည်းကောင်း၊ ဒုတိယဆုရရှိသွားသော မကွေးတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာမြလေးစိန်က လည်းကောင်း၊ ပထမဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက လည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

 
 
 
 
 
 
 
 
 
 
 

More Tags