အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

     အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

     အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က မိမိတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်းခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ပါ ကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးသည် အဓိကကျသည့်အတွက်  NRPC အနေဖြင့် တိုင်းရင်းသား ပြည်သူများ ကြားထဲတွင် ပြန်လည်သင့်မြတ်ရေးကိစ္စများ ဆောင်ရွက် နေသကဲ့သို့ နိုင်ငံတော် အတွက် အထူးလိုအပ်သည့် ငြိမ်းချမ်းရေး အတွက်လည်း ကြိုးပမ်း နေသည့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ သည်လည်း တစ်နိုင်ငံလုံးတွင် ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် ခေါင်းဆောင်မှု ပေးကာ နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လုပ်ဆောင် နေသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရှေ့တန်းမှနေ၍ ရွပ်ရွပ်ချွံချွံ ဆောင်ရွက် ပေးနေသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်ရှိ ပါကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် “မည်သူမျှမကျန်ခဲ့စေရ” ဟူသော မူဝါဒဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးနှင့် ညှိနှိုင်းပူးပေါင်းရေးကို ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အနေ ဖြင့် ငြိမ်းချမ်းရေးအတွက် ရှေ့တန်းမှဆောင်ရွက်နေသလို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အနေဖြင့်လည်း ပြည်သူ့ကျန်းမာရေးအတွက် ရှေ့တန်းမှ ဆောင်ရွက် နေသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်း အားလုံး တို့သည် လေးစားထိုက်သူများ ဖြစ်သဖြင့် ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

     ထို့နောက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု များအား  ခက်ခဲဝေးလံဒေသနှင့် လုံခြုံမှု အားနည်းသော ဒေသများရှိ ပြည်သူများ သာတူညီမျှ လက်လှမ်းမီရရှိစေရေးအတွက်သာမက နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး တို့အတွက်  ငြိမ်းချမ်းရေးရရှိရေးသည် အထူးအရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ လုပ်ငန်းများ အမြန်ဆုံး အောင်မြင်စေရန်လည်း ဆန္ဒပြုအပ်ပါကြောင်း။

     ယခုကဲ့သို့ လှူဒါန်းမှုများကြောင့် COVID-19 လူနာများအား ဓာတ်ခွဲစစ်ဆေးခြင်း၊ ဆေးရုံများ၌ ကုသမှု ပေးခြင်းနှင့် အသွားအလာကန့်သတ်နေရာများ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးနိုင်သည့်အပြင် ဆေးရုံများတွင် ဆေးဝါး နှင့် ဆေးပစ္စည်းကိရိယာများ တပ်ဆင်အဆင့်မြှင့်တင်ခြင်းတို့အတွက်လည်း အသုံးပြုနိုင် သဖြင့် ရေရှည်တွင် များစွာ အကျိုးရှိပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများအား အလေအလွင့် မရှိစေဘဲ ထိထိရောက်ရောက် အကျိုးရှိစေရန် စီမံခန့်ခွဲလျက်ရှိပါကြောင်း။

     COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်သော ရောဂါ ဖြစ်ခြင်း၊ ရောဂါ လက္ခဏာမပြဘဲ ကူးစက်ခံရသူများရှိနေခြင်းနှင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ် ပိုး၏ ဗီဇပြောင်းလဲမှုများ ရှိနေခြင်းတို့ကြောင့် COVID-19 ရောဂါသည် ရာသီတုပ်ကွေး ရောဂါကဲ့သို့ပင် ဖြစ်ပွားမှု အနည်းအများနှင့် အပြင်းအပျော့သာ ကွာခြားပြီး ကမ္ဘာပေါ်တွင် နှစ်များစွာ ဆက်လက်ကူးစက်ဖြစ်ပွားနေမည် ဖြစ်ပါကြောင်း။

     ထိုကဲ့သို့ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိကူးစက်ဖြစ်ပွားနေမည့် COVID-19 နှင့်အတူ မိမိတို့အ နေဖြင့် ဆက်လက်ရှင်သန် နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လုပ်ကိုင် နိုင်ရန် ကြိုတင် စဉ်းစားကြံဆ ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည် ဖြစ်ပါကြောင်း။

     ယခုလတ်တလောတွင် COVID-19 ကူးစက်မှုသည် အနည်းငယ်ကျဆင်းလာသော် လည်း အချိန်မရွေး ပြန်တက်လာနိုင်သဖြင့် မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို လျှော့ချ၍ မရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးအတိုင်း အတာဖြင့် ဆောင်ရွက်နေသော ပါးစပ်နှင့် နှာခေါင်းစည်း (mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်ကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

     ယခုအချိန်၌ ပါးစပ်နှင့်နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း အပါအဝင် COVID-19 ကာကွယ်ရေး နည်းလမ်းများကို နေ့စဉ်ဘဝနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ်တွင် ကျင့်သုံးလိုက်နာ ကြရန် အတွက် ပြည်သူများ တစ်ဦးနှင့် တစ်ဦး အချင်းချင်း အသိပေး၊ သတိပေးကြခြင်း အထူး အရေးကြီးပါကြောင်း ပြောကြားသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူငွေကျပ်သိန်း(၃,ဝဝဝ)ကို  လွှဲပြောင်းပေး အပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

     အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးမင်းလွင်နှင့် ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

More Tags