အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၀/၂၀၂၀) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the central coordination meeting (40/2020) on preparedness and response to Coronavirus Disease (COVID-19)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၂၅) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ (၉:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်မှ အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ကျင်းပသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၀/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၅) နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုရှိနေပြီး မိမိတို့မြန်မာ နိုင်ငံတွင်လည်း အမေရိကန်နိုင်ငံ မှ ပြန်ရောက်သူ မြန်မာနိုင်ငံသား (၁) ဦးနှင့် အင်္ဂလန်နိုင်ငံမှ ပြန်ရောက်သူ မြန်မာနိုင်ငံသား (၂) ဦးတို့၌ COVID-19 ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ပါကြောင်း၊

 

• မြန်မာနိုင်ငံတွင်းတွင် COVID-19 ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် အဆိုပါလူနာ (၃) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို အားဖြည့်ဆောင်ရွက်ခြင်း နှင့် ကြိုတင်ရေးဆွဲထားသော COVID-19 ရောဂါဖြစ်ပွားသူ တွေ့ရှိပါက ဆောင်ရွက်ရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရေးဆွဲထားသော လုပ်ငန်းလမ်းညွှန်များအတိုင်း လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် လူနာများတွေ့ရှိလာပြီဖြစ်သည့်အတွက် ကာကွယ်ထိန်းချုပ်မှု နည်းဗျူဟာ အချို့ကို လိုအပ်သလို မွမ်းမံပြင်ဆင်၍ ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားရာနေရာဒေသများမှ ပြန်လည်ရောက်ရှိလာကြသူများအား သတ်မှတ်ထား သော နေရာတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine)၊ နေအိမ်တွင် အသွား အလာကန့်သတ်ခြင်း (home quarantine)နှင့် ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်း (hotel quarantine) တို့ကို မိမိတို့ရေးဆွဲထားသော လမ်းညွှန်ချက်များနှင့်အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ထိုသို့ဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်များ၊ အသိပညာပေးပိုစတာများနှင့် လက်ကမ်း စာစောင်များကိုလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့် ဟိုတယ်များ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး/ အစိုးရအဖွဲ့ ထိုမှတစ်ဆင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများထံသို့လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေး ဌာနများထံသို့လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေရမည်ဖြစ်ပါကြောင်း၊

• နိုင်ငံရပ်ခြားမှ ပြည်လာသူများ နေထိုင်မည့်လိပ်စာအတိအကျကိုရယူကာ နေထိုင်မှုပြမြေပုံ (home quarantine mapping) ရေးဆွဲကာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသ‌ရေး ဦးစီးဌာနမှူးများနှင့် အခြေကျန်းမာရေးဝန်ထမ်းပညာရှင်များက မိမိတို့ရေးဆွဲထားသော လုပ်ငန်းလမ်းညွှန်များအတိုင်း တိတိကျကျဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊

 

• မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် ပူးပေါင်းကာ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာလူထုများ၏ ပူးပေါင်း ဆောင်ရွက်မှု ရယူ၍ အသွားအလာကန့်သတ်ခြင်း (quarantine) ခံယူသူများ စည်းကမ်း လိုက်နာမှု ရှိ၊ မရှိကို ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လိုက်နာမှု မရှိပါက တည်ဆဲ ဥပဒေများနှင့် အညီအရေးယူရမည်ဖြစ်ပါကြောင်း၊

• အီတလီနိုင်ငံကဲ့သို့ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတွင်ပင် COVID-19 ရောဂါကို ထိန်းချုပ်ရန် ခက်ခဲနေပြီး သေဆုံးမှုများ မြင့်တက်လျက်ရှိသည်ကို သာဓက ယူကြကာ နိုင်ငံသားတစ်ဦးချင်းမှ အသိစိတ်ဓာတ်ပြည့်ဝ စွာဖြင့် မိမိတို့မိသားစုများအားလည်းကောင်း၊ မိမိတို့ရပ်ကွက်များအတွင်းသို့လည်းကောင်း ရောဂါပျံ့နှံ့၍ သေဆုံးမှုများ မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ရောဂါကာကွယ်ရေးနည်းလမ်း များနှင့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• ပြည်သူများအနေဖြင့် အစိုးရိမ်လွန်ကာ ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်လာသူများအား ခွဲခြားဆက်ဆံခြင်းမျိုး မပြုရန်မှာ အရေးကြီးပါကြောင်း၊ ခွဲခြားဆက်ဆံပါက ပုန်းကွယ် ရှောင်ပုန်းမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် နောက်ဆက်တွဲ အန္တရာယ်နှင့် ဆိုးကျိုးများ ဖြစ်ပွားနိုင်ပါကြောင်း၊

• ယခုအချိန်အထိ အလှူရှင်များမှ စုစုပေါင်းလှူဒါန်းငွေသားမှာ ကျပ်သိန်းပေါင်း (၁၅,၀၀၀)ခန့်၊ အမေရိကန်ဒေါ်လာ (၁၇,၅၀၀) လက်ခံရရှိသည့်အပြင် အသက်ရှူစက် (၃၉) လုံး၊ Thermal Scanner (၄)လုံး၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (၈,၀၀၀) ခန့် အပါအဝင် ဆေးနှင့်ဆေးပစ္စည်း တန်ဖိုး ငွေကျပ်သိန်းပေါင်း (၁၆,၀၀၀) ခန့် ကိုလည်း လက်ခံရရှိခဲ့ပါကြောင်း၊

• ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများသို့လည်း အလှူရှင်များက ငွေသားနှင့် ဆေးနှင့်ဆေးပစ္စည်းများ လက်ခံရရှိလျက်ရှိပါကြောင်း၊

 

• မိမိတို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးကြပ်မတ်ကုသဆောင်များ၏ လိုအပ်ချက်များကို လည်း ပံ့ပိုးနိုင်မည်ဖြစ်သဖြင့် ရေရှည်တွင် ပြည်သူများအတွက် အလွန်အကျိုးရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ COVID-19 အတွက် ဝယ်ယူထားသည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများနှင့် လှူဒါန်းလက်ခံရရှိသည့် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေးဝတ်စုံများအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီ လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လိုအပ်သည့် ဆေးရုံများသို့ အမြန်ဆုံး ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) တွင် တက်ရောက်နေသော မဟာသိပ္ပံကျောင်းသားများနှင့် ပါမောက္ခများက ယခင်ရက်သတ္တပတ်က ပြုလုပ်ခဲ့သော အသုံးချသုတေသန၏ ရလဒ်များအရ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာများ၊ သတင်းစာများထက် ပြည်သူများထံ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိမည့် ကျန်းမာရေးအသိပညာပေးနည်းဗျူဟာမှာ လက်ကိုင်အသံချဲ့စက် ငယ်များ အသုံးပြု၍ ဖြန့်ဝေခြင်းနည်းလမ်းဖြစ်ပါကြောင်း၊

• ထို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ ပူးပေါင်းကာ ရပ်ကွက်၊ ကျေးရွာများအတွင်း လက်ကိုင်အသံချဲ့စက် ငယ်များ အသုံးပြု၍ ကျန်းမာရေးအသိပညာပေးမှုများ ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှု စတင်တွေ့ရှိနေပြီဖြစ်သဖြင့် ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေး ဗဟိုဌာန (Command Center) အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ဆေးရုံများနှင့် ပိုမိုချိတ်ဆက်ကာ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများအား စုံးစမ်းဖော် ထုတ်ခြင်း၊ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခြင်း စသည့်ကိစ္စရပ်များအား ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊

• ထို့သို့ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုစွမ်းဆောင်ရည်ပြည့်ဝပြီး အချိတ် အဆက်မိထိရောက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

Video conferencing အစည်းအဝေးတွင် ဗဟိုအဆင့် တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်း မာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကု ဆရာဝန်များ၊ တာဝန်ရှိသူများ က -

• နိုင်ငံတကာတွင် ရောဂါဖြစ်ပွားပျံ့နှံ့မှု၊ သေဆုံးမှု အခြေအနေများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ COVID-19 ရောဂါဖြစ်ပွားသူများ၏ (၄၀) ရာခိုင်နှုန်းသည် ပြင်းထန်မှုမရှိသာမာန်ရောဂါလက္ခဏာများကိုလည်းကောင်း၊ (၄၀) ရာခိုင်နှုန်းသည် အတော်အသင့်သော ရောဂါလက္ခဏာများကိုလည်းကောင်း၊ (၁၅) ရာခိုင်နှုန်းသည် ပြင်းထန်သော ရောဂါလက္ခဏာများကိုလည်းကောင်း၊ (၅) ရာခိုင်နှုန်းသည် အသက်သေဆုံးနိုင်သည်အထိပြင်းထန်သော ရောဂါလက္ခဏာများကိုလည်းကောင်း ခံစားရမှု၊

• အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာတွင် နိုင်ငံတွင်းသို့ ဝင်ရောက်မှုများအား တင်းကျပ်သော စည်းမျဉ်း ချမှတ်ဆောင်ရွက်နေမှု၊

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းလိုအပ်ချက်များ၊

• နိုင်ငံတကာမှ ကုထုံးဆိုင်ရာ လေ့လာတွေ့ရှိမှုနှင့် မိမိတို့နိုင်ငံအတွက် ကြိုတင်ပြင် ဆင်ထားရှိမှု၊

• COVID-19 ရောဂါလူနာများအား ကုသပေးနေမှုနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေ၊

• ဆေးနှင့်ဆေးပစ္စည်းများ ချိတ်ဆက်ဝယ်ယူမှု၊ လှူဒါန်းလက်ခံရရှိမှု၊

• အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်းချက် ဆက်သွယ်ရေးအရာရှိ (International Health Regulation (IHR) Focal Point) များနှင့် ချိတ်ဆက်သတင်းရယူမှုများ၊

• ထပ်မံလှူဒါန်းမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ လက်သန့်စင်ဆေးရည်များနှင့် ပတ်သက်၍ အရည်အသွေး၊ အရေအတွက် စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက အထွေထွေအကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags