ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိကဆေးရုံလုပ်ငန်းများမှ တာဝန်ရှိသူများအား 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်‌ဆောင်ရွက်နိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the advocacy meeting on the preparedness for detection and response to 2019 Novel Coronavirus (2019-nCoV)

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ယနေ့၊ နေ့လယ် (၁၂:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည့် “ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကဆေးရုံလုပ်ငန်းများမှ တာဝန်ရှိသူများမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးပွဲသို့” တက်ရောက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်လမ်းကြောင်းများ၌ သေချာစွာ ရောဂါစောင့်ကြပ်ကြည့်ရှုဆောင်ရွက်နိုင်ပါက သံသယလူနာများနှင့် ရောဂါဖြစ်ပွားသူများကို စောစီးစွာ သိရှိထောက်လှမ်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လက်ရှိ ထုတ်ပြန်ချက်များအရ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ၏ ရောဂါပျိုးချိန် (incubation period) သည် ရက်သတ္တပတ် (၂) ပတ်ခန့်ရှိသည်ဖြစ်သဖြင့် ရောဂါဖြစ်ပွားရာဒေသများမှဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများ မရှိ၊ နာမကျန်းမှုမရှိသော်လည်း ရောဂါပျိုးချိန်အတွင်း ရောဂါဖြစ်ပွားမှုရှိနိုင်ပါကြောင်း၊

• ထိုသို့သော လူနာများကို စောစီးစွာထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါပြန့်ပွားမှုမရှိစေရန်အတွက် အရေးကြီးသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အဆိုပါရောဂါသည် လူတစ်ဦးတွင်ရောဂါရှိပါက အခြားသူများသို့ မကူးစက်နိုင်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတို့ကဲ့သို့ မဟုတ်ဘဲ လူတစ်ဦးမှ တစ်ဦးထံ ကူးစက်နိုင်သည့်ရောဂါဖြစ်သဖြင့် အဖွဲ့အစည်းများအားလုံးနှင့် ပြည်သူများ တစ်ဦးချင်းစီမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများ၊ ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများနှင့် ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အလွန်အရေးကြီးပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်းခရီးဖြင့်လာရောက်သည့် ခရီးသည်များအား စနစ်တကျ ပြည့်စုံစွာ ဖြည့်စွက်ထားမှသာ ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာလေကြောင်းလိုင်းများသို့ အကြောင်းကြားထားပြီး ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊

• နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ဝင်ရောက်စဉ်တွင် တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများ၊ သွားလာမည့်နေရာဒေသများကို အဆိုပါ Health Declaration Form များတွင် ဖြည့်သွင်းစေပြီး မှတ်သားထားရှိပါကြောင်း၊

• သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များမှ တာဝန်ရှိသူများနှင့် ခရီးသွားလမ်းညွှန်များ အနေဖြင့် လာရောက်တည်းခိုသည့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယလက္ခဏာများ တွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက သတ်မှတ်ထားသောကျန်းမာရေးဌာနသို့ ချက်ချင်းတယ်လီဖုန်းဖြင့် အကြောင်းကြားပေးကြစေလိုပါကြောင်း၊ ဆေးရုံမှ တာဝန်ရှိသူများကလည်း ချက်ချင်းတုံ့ပြန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊


 

• ရောဂါ၏ သံသယလက္ခဏာများကို တည်းခိုခန်းနှင့် ဟိုတယ်များမှဝန်ထမ်းများ၊ ခရီးသွားလမ်းညွှန်များနှင့် ခရီးသည်များ သိရှိစေရေး ကျန်းမာရေးအသိပညာပေး ဗွီနိုင်းပိုစတာများကိုလည်း ဟိုတယ်နှင့် တည်းခိုခန်းများတွင် အမြန်ဆုံး တပ်ဆင်ထားရှိပေးကြစေလိုပါကြောင်း၊

• ပုဂ္ဂလိက ဆေးရုံဆေးခန်းများအနေဖြင့်လည်း 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ သံသယလူနာများ လာရောက်ပြသမှုရှိပါက လုပ်ထုံးလုပ်နည်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသော ဆေးရုံထံသို့ ချက်ချင်းသတင်းပေးပို့အကြောင်းကြားခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့်လည်း ထိုသို့ သံသယရောဂါလက္ခဏာများနှင့် လူနာများကို တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်ရှိကျန်းမာရေးဌာနသို့ အကြောင်းကြားပေးနိုင်ရန် အရေးပေါ် (၂၄) နာရီ ဆက်သွယ်ရေးလမ်းကြောင်းထားရှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အများပြည်သူသုံးဘတ်စ်ကားများတွင်လည်း ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေး စတစ်ကာများ တပ်ဆင်ထားရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊

• ယခုကဲ့သို့ အစပိုင်းကာလတွင် ကျန်းမာရေးဝန်ထမ်းများ၊ တည်းခိုခန်းနှင့် ဟိုတယ်များမှဝန်ထမ်းများ၊ ခရီးသွားလမ်းညွှန်များ၊ ပြည်သူများနှင့် ခရီးသည်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါကာကွယ်နှိမ်နင်းမှုလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊


 

• ရောဂါ၏ ရောဂါဖြစ်ပေါ်ပြောင်းလဲမှုသဘောသဘာဝ (natural history of disease) ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများက ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အဆိုပါရောဂါဖြစ်ပွားမှုအခြေအနေများကို ပြည်သူ့ကျန်းမာရေးဆိုင်ရာနိုင်ငံတကာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းထားသည်နှင့်အညီ ဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပြည်သူများအနေဖြင့် အင်တာနက်ကွန်ရက်မှ သတင်းအချက်အလက်များကို လေ့လာကြည့်ရှုသည့်အခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ US CDC၊ နိုင်ငံတကာ ကျန်းမာရေးဝန်ကြီးဌာနများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင် အင်တာနက်စာမျက်နှာများ စသည့် ခိုင်မာသော သတင်းအရင်းအမြစ်များမှ သတင်းအချက်အလက်များကို လေ့လာရမည်ဖြစ်ပါကြောင်း၊

• အခြားခိုင်မာမှုမရှိသော သတင်းအရင်းအမြစ်များမှ အချက်အလက်များကို စိတ်ချရသော သတင်းအရင်းအမြစ်များမှ အချက်အလက်များနှင့် ချိန်ထိုးတိုက်ဆိုင်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါဖြစ်ပွားမှု၊ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုအခြေအနေများကို မျက်ခြေ မပြတ်လေ့လာ၍ တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများအနေဖြင့်လည်း မိမိတို့လုပ်ဆောင်နိုင်သည့် ကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (surveillance) နှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နောက်ဆုံးရရှိထားသော အချက်အလက်များကိုလည်းကောင်း၊

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာသန်းနိုင်စိုးက ပြည်သူများထံ ရောဂါကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပါသည်။

     ထို့နောက် အသိပေးရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်သူ့ကျန်းမာရေး၊ ကုသရေးနှင့် ဓာတ်ခွဲပညာရှင်များမှ ပြန်လည် ဖြေကြားပေးခဲ့ပါသည်။

      အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအများပြည်သူခရီးသွားလာရေးအာဏာပိုင်အဖွဲ့၊ ပုဂ္ဂလိကဆေးရုံများအသင်း၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးအေဂျင်စီများနှင့် နိုင်ငံတကာခရီးသွားများ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 
 

More Tags