ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆန္ဒအလျှောက်အဆိုပြုတာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနေထိုင်နေရာသို့ ပြည်ထောင်စုဝန်ကြီးသွားရောက်တွေ့ဆုံ (10-4-2020)

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၁၀) ရက်နေ့


     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီလ (၈) ရက်နေ့၊ ညနေတွင် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆန္ဒအလျှောက် အဆိုပြုတာဝန်ထမ်းဆောင်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများ ခေတ္တနေထိုင်လျက်ရှိသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ပံ့ပိုးပေးထားသည့် သုဝဏ္ဏဘောလုံးအကယ်ဒမီနှင့် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ AYA သင်တန်းကျောင်းသို့ သွားရောက်ခဲ့ပါသည်။

 

     ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးသည် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆန္ဒအလျှောက်အဆိုပြုတာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ၍ ကျေးဇူးတင်အားပေးစကားပြောကြားခဲ့ကာ လိုအပ်ချက်များကို မေးမြန်းခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဘောလုံးအသင်း ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံကာ ပံ့ပိုးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီဖောင်ဒေးရှင်းက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းသည့် ကျပ် (၅,၀၀၀) သိန်းကို လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

More Tags