မြန်မာ-ဩစတြေးလျ ကျန်းမာရေးသုတေသနပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် အမှာစကားပြောကြား

Union Minister Dr. Myint Htwe delivers the opening speech at UM 2 – UNSW Kirby Myanmar-Australia Research Collaboration for Health (MARCH) symposium

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၌ ကျင်းပသော မြန်မာ-ဩစတြေးလျ ကျန်းမာရေးသုတေသနပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲ Myanmar-Australia Research Collaboration for Health (MARCH) symposium သို့ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဒေါက်တာ ဇော်လင်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုနှင့်လူ့စွမ်းအားဝန်ကြီး ဒေါ်မိုးမိုးစုကြည် တို့နှင့်အတူ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဩစတြေးလျနိုင်ငံ၊ University of New South Wales မှ Kirby Institute နှင့် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်တို့ (၂၀၁၇) ခုနှစ်မှ စတင်ကာ သဘောတူညီမှုစာချွန်လွှာရေးထိုး၍ သုတေသနကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများသည် တက္ကသိုလ်အတွက်သာမက ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက်ပါ အကျိုးရှိပါကြောင်း၊

• သုတေသနရလဒ်နှင့် တွေ့ရှိချက်များမှတဆင့် ပြည်သူများအတွက်စောင့်ရှောက်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရန်လိုအပ်ချက်များ၊ ဖြေရှင်းဆောင်ရွက်ချက်များကို ပံ့ပိုးပေးနိုင်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး (၂၀၁၆) ခုနှစ် ဧပြီလမှ စတင်၍ သုတေသနရန်ပုံငွေ သန်း (၆၀၀၀) ကျပ်အထိ သိသာစွာတိုးမြှင့် ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊

 

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တက္ကသိုလ်များတွင် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့များဖွဲ့စည်း၍ သုတေသနများ စနစ်တကျဆောင်ရွက်နိုင်ရန် စီမံခြင်း၊ ကျန်းမာရေးသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry)နှင့် သုတေသနသတင်းအချက်အလက်စနစ် တည်ထောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊

• အမျိုးသားကျန်းမာရေးသုတေသနမူဝါဒ (၂၀၁၇) ကို ရေးဆွဲချမှတ်ခဲ့ပြီး အဆိုပါ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လုပ်ငန်းမူဘောင်နှင့် လမ်းပြမြေပုံများ ဆက်လက်ရေးဆွဲချမှတ်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကိုလည်း နှစ်စဉ်ကျင်းပလျက်ရှိပြီး (၄၈) ကြိမ်မြောက် ညီလာခံကို (၁၃-၁-၂၀၂၀) ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပါကြောင်း၊

 

• သုတေသနပြုလုပ်ဆောင်ရွက်သူများအနေဖြင့်လည်း ခွဲခြမ်းစိတ်ဖြာဆန်းစစ်သုံးသပ်နိုင်မှု၊ ဝေဖန်ပိုင်းခြားဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်များတိုးတက်လာမည်ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင်လည်း သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဆေးတက္ကသိုလ် (၂) မှ ဆရာ၊ ဆရာမများလည်း ပါဝင်တက်ရောက်နိုင်ပါကြောင်း၊

• ဩစတြေးလျနိုင်ငံ၊ University of New South Wales မှ Kirby Institute အနေဖြင့် ဆေးတက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး) တို့နှင့်လည်း နားလည်မှုစာချွန်လွှာများရေးထိုး၍ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

 

• ယခု သုတေသနစာတမ်းဖတ်ပွဲ၏ အကြောင်းအရာခေါင်းစဉ်ဖြစ်သော “ကျန်းမာရေး ရလဒ်များ တိုးတက်ကောင်းမွန်ရေး (improving the health outcome)” နှင့်အညီ ဝန်ကြီးဌာန၏ သုတေသနရန်ပုံငွေများကို အသုံးချ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် တိုက်ရိုက် အကျိုးရှိသော အသုံးချသုတေသနများကို ပိုမိုဆောင်ရွက် သွားစေလိုပါကြောင်း၊

• ယခုစာတမ်းဖတ်ပွဲတွင် မြန်မာ-ဩစတြေးလျ ကျန်းမာရေးသုတေသနပူးပေါင်းဆောင်ရွက်မှု (MARCH) ၏ အောင်မြင်မှုအခြေအနေများ၊ တီဘီရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ အသည်းရောင်အသားဝါ (စီ) ရောဂါစသည့် ကူးစက်ရောဂါများ၊ ပဋိဇီဝဆေးယဉ်ပါးမှု၊ ဓာတ်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုစသည်တို့နှင့် ပတ်သက်သည့် သုတေသနဆိုင်ရာ တင်ပြဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊

• မျိုးဆက်သစ်ဆေးပညာရှင်များကိုလည်း သုတေသနစွမ်းဆောင်ရည်များ မြင့်မားရေး အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များတွင် သုတေသနကို ပိုမိုစိတ်ဝင်စား သိရှိစေရန်နှင့်ဆောင်ရွက်သည့် အလေ့အကျင့်များတိုးပွားလာစေရန်အတွက် -သုတေသနတင်ပြမှုစွမ်းဆောင်ရည်၊ သုတေသနအဆိုပြုလွှာရေးသားမှု၊ သုတေသအဆိုပြု လွှာအပေါ် ဝေဖန်ဆွေးနွေးမှု၊ သုတေသနတင်ပြမှုအပေါ် မေးမြန်းဆွေးနွေးမှုများကို တက္ကသိုလ်အလိုက်သော်လည်းကောင်း၊ တက္ကသိုလ်အချင်းချင်းလည်းကောင်း ပြိုင်ပွဲသဖွယ် ကျင်းပသွားစေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော သုတေသနလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားစေလိုပါကြောင်း၊

• သုတေသနတင်ပြဆွေးနွေးမှုများပြုလုပ်သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားပါဝင်စေလိုပါကြောင်း၊

 

• ဝန်ကြီးဌာနတွင် ဆောင်ရွက်ရန်လိုအပ်သည့် သုတေသနများကို အခန်းကဏ္ဍအလိုက် ပြုစု၍ သုတေသနခေါင်းစဉ်ဘဏ်တိုက် (research title bank) တစ်ခုကို ပြုလုပ်သွားစေလိုပါကြောင်း၊

• သုတေသနပြုလုပ်လိုသူများအနေဖြင့် အဆိုပါ သုတေသနခေါင်းစဉ်ဘဏ်တိုက်မှ ရယူဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်မှုများ၊ သုတေသနလုပ်ငန်းများကို ဆက်လက်အားပေး ပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Andrea Faulkner၊ Kirby University မှ Professor Anthony Kelleher တို့ကအမှာစကား အသီးသီးပြောကြားခဲ့ကြပြီး ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာအေးထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

 

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သုတေသနစာတမ်းများ၊ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

 

     အဆိုပါ စာတမ်းဖတ်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ ဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် (၂) မှ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

More Tags