မြန်မာနိုင်ငံ အမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း မိတ်ဆက်ပွဲနှင့် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the launching ceremony of Myanmar national rehabilitation strategic plan, Stakeholder meeting and Workshop on implementation of action plan for Myanmar national rehabilitation strategy

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတူ ယနေ့၊ နံနက်ပိုင်းတွင် Hotel Max၊ နေပြည်တော်၌ ကျင်းပခဲ့သော မြန်မာနိုင်ငံ အမျိုးသားအဆင့် ပြန်လည်သန်စွမ်းရေး မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) (Myanmar National Rehabilitation Strategic Plan) မိတ်ဆက်ပွဲနှင့် မဟာဗျူဟာ စီမံကိန်း လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ ဦးတည်ချက်ဖြစ်သော ပြည်သူများရောဂါဘယကင်းဝေး၍ ကောင်းမွန်မြင့်မားသော ကျန်းမာရေးအဆင့်ကို ပိုင်ဆိုင်ရရှိစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်သန်စွမ်းရေး (rehabilitation) လုပ်ငန်းများသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊

• ပြန်လည်သန်စွမ်းရေး (rehabilitation) လုပ်ငန်းများသည် ကြီးမားကျယ်ပြန့်ပြီး ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များ၊ ပံ့ပိုးဆောင်ရွက်မှု ပညာရပ်များ စသည်ဖြင့် ဘာသာရပ်စုံနှင့် ကဏ္ဍစုံမှ ချိတ်ဆက်မှုအားကောင်းစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ရခြင်း၊ တစ်ကြိမ်တစ်ခါတည်း လုပ်ဆောင်ရခြင်းမဟုတ်ဘဲ စဉ်ဆက်မပြတ်ပြုစုကုသဆောင်ရွက်ရခြင်း၊ တစ်ဦးချင်းစီအလိုက် ကွဲပြားသော ပြန်လည်သန်စွမ်းရေးလိုအပ်ချက်များနှင့် အညီဆောင်ရွက်ရခြင်းမျိုး ဖြစ်ပါကြောင်း၊

 

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို အလေးပေးဆောင်ရွက်ရုံသာမက အဆိုပါ လုပ်ငန်းများနှင့်တန်းတူ အရေးကြီးသည့် ပြန်လည် သန်စွမ်းရေးလုပ်ငန်းများကိုလည်း ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးညီလာခံများမှ သံဓိဌာန်ချ ကြေညာချက်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)၊ မသန်စွမ်းသူများဆိုင်ရာ နည်းဥပဒေများ (၂၀၁၇) နှင့် မသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(၂၀၁၆-၂၀၂၅) တို့နှင့်အညီ ပြန်လည်သန်စွမ်းရေး လုပ်ငန်းများကို ဝန်ကြီးဌာနမှ အတတ်နိုင် ဆုံးအားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပြန်လည်သန်စွမ်းရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်စေရေး ဆောင်ရွက်ရာတွင် ယခုရေးဆွဲခဲ့သည့် မဟာဗျူဟာစီမံကိန်းသည် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊

 

• မဟာဗျူဟာစီမံကိန်းတွင် သတ်မှတ်လုပ်ငန်းစဉ်များ၊ လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပံ့ပိုးဆောင်ရွက်မှုများတွင် တာဝန်ခွဲဝေသတ်မှတ်ထားရှိမှု၊ လုပ်ငန်းစဉ်များ အချိတ်အဆက်ကောင်းမွန်မှု၊ လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်မှု အချိန်သတ်မှတ်ချက် စသည်ဖြင့် ပါဝင်သည်ကို တွေ့ရှိရပြီး စနစ်တကျကောင်းမွန်ပြည့်စုံစွာ ရေးဆွဲထားသည်ကို တွေ့ရှိရပါကြောင်း၊

• မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ နှင့် လက်တွဲဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊

• လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှု နှင့် အောင်မြင်မှု စောင့်ကြည့်အကဲဖြတ်မှု မူဘောင် (monitoring framework)စနစ်ကိုလည်း ချမှတ်ဆောင်ရွက်စေလိုပါကြောင်း၊

 

• မဟာဗျူဟာစီမံကိန်းမှ အဓိက ရည်မှန်းချက်များ၊ လုပ်ငန်းများ အောင်မြင်စေရန်အတွက် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများအားလုံးအနေဖြင့် မိမိတို့ကိုယ်တိုင် မသန်စွမ်းသူများ၏ ရှုထောင့်နေရာမှ စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ပြန်လည်သန်စွမ်းမှုလုပ်ငန်းများဆောင်ရွက်ခြင်းသည် မသန်စွမ်းသူ တစ်ဦးအား လူမှုဘဝနှင့် နေထိုင်မှု အဆင့်အတန်းမြင့်မားစေခြင်း၊ ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများ မြင့်မားစေခြင်း၊ စိတ်ဓာတ်ခွန်အားတိုးမြှင့်စေခြင်း စသည့် အကျိုးများစွာ ရရှိစေနိုင်ပါကြောင်း၊

 

• ဝန်ကြီးဌာနရှိ ပြန်လည်သန်စွမ်းရေးဆိုင်ရာ လမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်၍ လက်တွေ့မြေပြင်အခြေအနေများနှင့် ကိုက်ညီစွာ လိုအပ်သလိုမွမ်းမံ ပြင်ဆင်ခြင်း၊ ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ဆန်းစစ်သုံးသပ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ လူထုအခြေပြု စီမံချက်လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များအတွက် ပြန်လည်သန်စွမ်းမှုဆိုင်ရာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို မူဘောင်ချမှတ်၍ လုပ်ဆောင်ခြင်းနှင့် လမ်းညွှန်စာအုပ်နှင့် စံလုပ်ထုံးလုပ်နည်းများ ပြုစုဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် မတ္တရာမြို့နယ်ရှိ ခုတင် (၇၀၀) ဆံ့ ရေနံ့သာအနာကြီး ရောဂါအထူးကု ဆေးရုံကြီးအား ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်) တိုးချဲ့မွမ်းမံဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊

• ပြန်လည်သန်စွမ်းရေးဆေးပညာရပ်များနှင့် စက်ပစ္စည်းကိရိယာများသည် လျင်မြန်စွာတိုးတက် ဖွံ့ဖြိုးလျက်ရှိသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ကွန်ရက် ချိတ်ဆက်မှုနှင့် ပညာရပ်နှင့် အတွေ့အကြုံဖလှယ်ဝေမျှမှုတို့ကို လုပ်ဆောင်ကြရ မည်ဖြစ်ပါကြောင်း၊

 

• (၂၀၂၀) ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်း ချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားလေ့ကျင့်တော့မည်ဖြစ်သဖြင့် အဆိုပါ သင်ရိုးညွှန်းတမ်းတွင် ပြန်လည်သန်စွမ်းရေးပညာရပ်ကို ထည့်သွင်းသင်ကြား လေ့ကျင့်သွားမည် ဖြစ်ပါကြောင်း၊

• ထို့အပြင် ပြန်လည်သန်စွမ်းရေးဆိုင်ရာ အထူးပြုသူနာပြု ဒီပလိုမာ (၉) လ သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားလေ့ကျင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ပြန်လည်သန်စွမ်းမှုဆိုင်ရာ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ပြန်လည်သန်စွမ်းမှုဆိုင်ရာ လုပ်ငန်းများကို မိမိတို့၏ အရေးကိစ္စသဖွယ်အလေးထား၍ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြား ရာတွင် -

• လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူတိုင်းအခြေခံ အခွင့်အရေးရရှိရေး၊ လူ့ဂုဏ်သိက္ခာပြည့်ဝသော အသိုင်းအဝိုင်းရရှိရေးတို့အတွက် လုပ်ငန်းများ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများအတွက် ပြန်လည်သန်စွမ်းရေးလုပ်ငန်းများကို ချမှတ်ထားသည့် ဥပဒေများ၊ နည်းဥပဒေများနှင့် အညီ အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစမှ အသက် (၅)နှစ်အထိကလေးငယ်များတွင် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ မသန်စွမ်းခြင်းနှင့် အခြားလိုအပ်ချက်များရှိခြင်းတို့ကို စောစီးစွာသိရှိဖော်ထုတ်ကာ လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် “ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဝန်ဆောင်မှု (early childhood intervention)” လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊

• ကလေးငယ်များတွင် ဦးနှောက် ဉာဏ်ရည်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ခြင်း နှောင့်နှေးမှု အခြေအနေများကို မိဘများကိုယ်တိုင် သိရှိဖော်ထုတ်ကာ ဝန်ဆောင်မှုများ အချိန်မီရယူ နိုင်ရန်မှာ အရေးကြီးပါကြောင်း၊

 

• နိုင်ငံ၏ အနာဂတ်အတွက်အရေးကြီးသည့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုများ ကောင်းမွန်ခြင်းဖြင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အပါအဝင် နှီးနွှယ် ဆက်စပ်ဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါ သည်။

 

     ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန် စွမ်းသန်စွမ်းရေးဆေးပညာအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မျိုးလှက မဟာဗျူဟာစီမံကိန်း ရေးဆွဲခဲ့မှု၊ မဟာဗျူဟာစီမံကိန်း၏ အဓိကရည်မှန်းချက်လုပ်ငန်းများနှင့်် ပါဝင်သော လုပ်ငန်းစဉ်များ တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာ စီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုမှုများ၊ အစုအဖွဲ့ဖြင့်ဆွေးနွေးအကြံပြုမှုများ လုပ်ဆောင်ခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ် (လူမှုဝန်ထမ်းဦးစီးဌာန)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်များနှင့် တာဝန်ရှိသူများ၊ Senator of the Italian Republic Ms. Albertina Soliani၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ်၊ အီတလီနှင့် ဂျပန်နိုင်ငံတို့မှ ဆေးပညာရှင်များ၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ ICRC၊ Unicef၊ ASCoN၊ Myanmar Federation of People with disability, the Leprosy mission international၊ Myanmar independent living initiative၊ Myanmar physically handicapped association၊ Myanmar physiotherapist association၊ Myanmar deaf and community development association၊ Myanmar national association of the blind၊ Humanity and Inclusion၊ HORC နှင့် Open society Myanmar တို့မှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

More Tags