မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနထံ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀) ကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ လက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၇) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် မတ်လ (၁၆) ရက်နေ့၊ ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနထံ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀) ကို လက်ခံခဲ့ပါသည်။

     ထိုသို့ လှူဒါန်းမှုအကြောင်းအရာကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် တာဝန်ရှိသူများက ပြောကြားရာတွင် -

• ယခုလှူဒါန်းငွေ ကျပ်သိန်း (၂၀၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

 

• မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာကိုလည်း ပုံမှန်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်နေမှုများကို တွေ့ရှိသိမြင်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဟလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုသည် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများကိုယ်တိုင် ရောဂါကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာဆောင်ရွက်ခြင်း၊ ပူးပေါင်းပါဝင်ခြင်းတို့သည် အထူးအရေးကြီးပါကြောင်း၊

• ရောဂါကာကွယ်ရန်အတွက် ရေနှင့်ဆပ်ပြာအသုံးပြုပြီး လက်ကိုမကြာခဏ စနစ်တကျဆေးကြောခြင်းနှင့် ရေမရရှိနိုင်ပါက Alcohol ပါဝင်သောလက်သန့်စင်ဆေးရည်ကို အသုံးပြုပြီး လက်ဆေးသန့်စင်ခြင်းတို့သည် ရိုးရှင်းလွယ်ကူသော်လည်း အထူးထိရောက်သည်ကို ပြည်သူများသိရှိကြရန် လိုအပ်ပါကြောင်း၊

• ဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဝန်ထမ်းပညာရှင်များအပါအဝင် ဝန်ထမ်းများအားလုံးသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြပါကြောင်း၊

• မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့်တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လုပ်ငန်းများဆောင်ရွက်မှုများအား တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဆက်သွယ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• ယခုကဲ့သို့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနထံ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀) ကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းတို့က လက်ခံခဲ့ပါသည်။

More Tags