မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနထံ လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) ကို ပြည်ထောင်စုဝန်ကြီးလက်ခံ

Union Minister Dr. Myint Htwe receives the Myanmar Maternal and Child Welfare Association’s donation for the preparedness activities for detection and response to COVID-19 acute respiratory disease

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနထံ လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) ကို လက်ခံခဲ့ပါသည်။

ထိုသို့ လှူဒါန်းမှု အကြောင်းအရာကို မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်များက ပြောကြားရာတွင် -

• ယခုလှူဒါန်းငွေ ကျပ်သိန်း (၁၀၀)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာကိုလည်း ပုံမှန်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက် နေမှုများကို တွေ့ရှိသိမြင်ပါကြောင်း၊

 

• မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

• ပြည်သူများ လက်ဆေးသန့်စင်ခြင်းများ လွယ်လင့်တကူ လက်လှမ်းမီပြုလုပ်နိုင်ရန်အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊
• တိုင်းဒေသကြီး/ ပြည်နယ်များတွင် မိခင်နှင့်ကလေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းလုပ်ဆောင်ရာ၌ မြန်မာ၊ ကချင်၊ ရှမ်းနှင့် တရုတ်ဘာသာများဖြင့် လက်ကမ်းစာစောင်၊ ပိုစတာများ ပြုစုဖြန့်ဝေထားရှိပါကြောင်း၊

• ရောဂါစတင်ဖြစ်ပွားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော နေရာဒေသများတွင် ကချင်ဘာသာ၊ ရှမ်းဘာသာနှင့် တရုတ်ဘာသာ အသီးသီးဖြင့် ပြုစုထားသော ကျန်းမာရေးအသိပညာအချက်အလက်များသည် များစွာ အသုံးဝင်ထိရောက်မည်ဖြစ်ပါကြောင်း၊

• ပြန်ကြားရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ တိုင်းရင်းသားဘာသာ (၁၁) မျိုးဖြင့်လည်း ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာအချက်အလက်များ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊

 

• ရောဂါကာကွယ်ရန်အတွက် ရေနှင့်ဆပ်ပြာအသုံးပြုပြီး လက်ကိုမကြာခဏ စနစ်တကျဆေးကြောခြင်းနှင့် ရေမရရှိနိုင်ပါက Alcohol ပါဝင်သောလက်သန့်စင်ဆေးရည်ကို အသုံးပြုပြီး လက်ဆေးသန့်စင်ခြင်းတို့သည် အထိရောက်ဆုံးဖြစ်သည်ကို ပြည်သူများသိရှိကြရန် လိုအပ်ကြောင်း၊

• ထို့အပြင် လူစုလူဝေးများပြားသော နေရာများကို ယခုကာလအတွင်း တတ်နိုင်သမျှရှောင်ကြဉ်ခြင်းဖြင့် ရောဂါကူးစက်ခံရနိုင်ခြေကို များစွာ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် သီးခြားထားရှိကုသခြင်း (Isolation) နှင့် အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း (Quarantine) ၏ အရေးကြီးမှုကို ပြည်သူများ သေချာစွာသိရှိနားလည်ရန်မှာ အရေးကြီးပါကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် လူနာများထံမှဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်း နှင့် တစ်ပြိုင်နက်ဓာတ်ခွဲစစ်ဆေး (parallel testing) လျက်ရှိရာတွင် အဖြေများသည် ကိုက်ညီမှုရှိပါကြောင်း၊

 

• ထိုသို့ တစ်ပြိုင်နက် ဓါတ်ခွဲစစ်ဆေးမှုအရေအတွက်နှင့် အဖြေများ ကိုက်ညီမှန်ကန်မှု ရှိသည့်အတွက် ကိုယ်တိုင်သီးခြားဓါတ်ခွဲစစ်ဆေးခြင်း (independent testing) ကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ (၂၀-၂-၂၀၂၀) ရက်နေ့တွင် စတင် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဝန်ထမ်းပညာရှင်များအပါအဝင် ဝန်ထမ်းများအားလုံးသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရေးအတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် (မိခင်၊ ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) နှင့် ယနေ့ပင်တွေ့ဆုံ ဆွေးနွေးစေလိုပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအပါအဝင် မိတ်ဖိတ်အဖွဲ့အစည်းများ အားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနထံသို့ လှူဒါန်းသည့် ကျပ်သိန်း (၁၀၀) ကို ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းတို့က လက်ခံခဲ့ပါသည်။

More Tags