မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် “တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာ ပါမောက္ခကြီးများအား ဂုဏ်ထူးဆောင်ပါမောက္ခ (Professor Emeritus) များ အဖြစ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား”သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၍ ခန့်အပ်လွှာများပေးအပ်

မန္တလေး၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် ကျင်းပခဲ့သည့် “မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာ ပါမောက္ခကြီးများအား ဂုဏ်ထူးဆောင်ပါမောက္ခ (Professor Emeritus) များ အဖြစ်ခန့်အပ်လွှာပေးအပ်ပွဲ”သို့ တက်ရောက်၍ ခန့်အပ်လွှာများပေးအပ်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် တိုင်းရင်းဆေးပညာရပ်များ အခြေခံခိုင်မြဲကောင်းမွန်စွာဖြင့် ပိုမိုတိုးတက် ကောင်းမွန်စေရန်နှင့် အရည်သွေးပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်တို့အတွက် တိုင်းရင်းဆေးတက္ကသိုလ်၏ သင်ကြားရေး၊ ကုသရေး၊ သုတေသန၊ စီမံခန့်ခွဲရေး ကဏ္ဍတွင် ကြိုးပမ်းပါဝင်ဆောင်ရွက်ပေးခဲ့သည့် အငြိမ်းစား ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ကထိကများ၊ တိုင်းရင်းဆေးပညာရှင်ကြီးများကို Professor Emeritus များ၊ Honorary Professor များနှင့် Visiting Lecturer များအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည့် ယနေ့အခမ်းအနားသည် တိုင်းရင်းဆေးလောကအတွက် ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါကြောင်း၊

 

• တိုင်းရင်းဆေးပညာရပ်သင်ကြားမှုများ ပိုမိုထိရောက်အောင်မြင်ကာ အရည်အသွေးပြည့်ဝ မြင့်မားသည့် တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်နိုင်ရန်အတွက် အတွေအကြုံမြင့်မားသည့် အဆိုပါတိုင်းရင်းဆေးပညာရှင်ကြီးများထံမှ အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• Professor Emeritus များ၊ Honorary Professor များနှင့် Visiting Lecturer များအဖြစ် ခန့်အပ်တာဝန်ပေးထားသည့် တိုင်းရင်းဆေးပညာရှင်ကြီးများ အနေဖြင့်လည်း အရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေးများထုတ်လုပ်မှုကိစ္စရပ်များအပြင် တက္ကသိုလ်၏ သင်ကြားသင်ယူမှု၊ သင်ရိုးညွှန်းတမ်း၊ သုတေသန၊ အထောက်အကူပြုသော ပတ်ဝန်းကျင်၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်၊ စာသင်ခန်းနှင့် ပစ္စည်းကိရိယာ၊ စာကြည့်တိုက် (E-Library)၊ စာအုပ်စာတမ်း စသည်ဖြင့် ဘက်စုံပိုမိုတိုးတက်ကောင်းမွန်ရေးကိစ္စရပ်များကို တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ တာဝန်ရှိသော ဆရာ/ဆရာမများနှင့် အလုပ်သဘော (formal) သာမက အလွတ်သဘော (informal) ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

 

• အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာဘွဲ့ရရှိသူများအနေဖြင် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးပညာဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများကိုလည်း ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်ပေါင်းရာထောင်ချီ သုံးစွဲလာကြသည့် တိုင်းရင်းဆေးဝါးများ၏ ဆေးစွမ်းထက်ကုသ နိုင်မှုစွမ်းရည်ကိုသာမက ဘေးအန္တရာယ်ကင်းရှင်းမှု၊ အရည်အသွေး ပြည့်ဝမှုဆိုင်ရာများကို သုတေသနများဆောင်ရွက်သွားခြင်းဖြင့် ပြည်သူများမှ ပိုမိုယုံကြည်သုံးစွဲလာခြင်းသာမက နိုင်ငံတကာအဆင့်မီ တိုင်းရင်းဆေးဝါများထုတ်လုပ်နိုင်သဖြင့် တိုင်းရင်းဆေးကဏ္ဍကြီး တစ်ခုလုံးအတွက် များစွာအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် သုတေသနရန်ပုံငွေများကို နှစ်စဉ် သိသာစွာတိုးမြှင့်ပေးခဲ့ပြီး လာမည့် (၂၀၁၉-၂၀) ဘဏ္ဍာနှစ်တွင် သန်း (၃၀၀၀) ကျပ် အထိလျာထား၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာရပ် ဘက်စုံပိုမိုတိုးတက်ရေးအတွက် သုတေသနသည် မရှိမဖြစ်အထူးအရေးကြီးပြီး သုတေသနကျင့်ဝတ်များနှင့်အညီ သုတေသနလုပ်ငန်းများ ပိုမိုအရှိန်အဟုန်တိုးမြှင့်ကာ စနစ်တကျ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ် ကျင့်ဝတ်ဆိုင်ရာ ကော်မတီဖွဲ့စည်း တာဝန်ပေးအပ် ထားရှိပြီးဖြစ်ကာ တိုင်းရင်းဆေးတက္ကသိုလ်မှ သုတေသနဌာနကိုလည်း ယခုနှစ် အတွင်း ပိုမိုတိုးချဲ့ဖွဲ့စည်း၍ သုတေသနလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• ဆေးသုသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်းများကို ပြုလုပ်လျက်ရှိပါကြောင်း၊

• သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် ဆေးသုတေသန ဦးစီးဌာနနှင့် ပူးပေါင်းချိတ်ဆက်၍ ဆေးသုတေသနဦးစီးဌာနမှ ခေတ်မီဓာတ်ခွဲစမ်းသပ်မှုပစ္စည်း ကိရိယာများကို အသုံးပြုဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ကျင့်ဝတ်ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့မှ သုတေသသနကျင့်ဝတ်ကော်မတီများ၏ အစည်းအဝေးများသို့လည်း တက်ရောက်လေ့လာစေလိုပါကြောင်း၊

• တိုင်းရင်းဆေးသုတေသနများ၏ ခေါင်းစဉ်၊ အကြောင်းအရာ၊ ရည်ရွယ်ချက်နှင့် ရလဒ်များကို သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် စုစည်းထားရှိနိုင်ရန် မြန်မာနိုင်ငံတိုင်းရင်းဆေးပညာ သုတေသန မှတ်ပုံတင်ခြင်းစနစ် (Myanmar Traditional Medicine Research Registry) ကို အမြန်ဆုံးပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊

 

• ယခင်ဆောင်ရွက်ထားရှိခဲ့သော တိုင်းရင်းဆေးသုတေသနများ၏ ဆန်းစစ်မှုခြင်းများပြုလုပ်ကာ သုတေသနအကြောင်းအရာတစ်ခုတည်းကို ထပ်တလဲလဲ ပြုလုပ်မှုမှ ရှောင်ကြဉ်ခြင်းနှင့် လိုအပ်လျက်ရှိသည့် သုတေသနများ ပြုလုပ်ခြင်း တို့ကိုဆောင်ရွက်နိုင်ရန် အဖွဲ့တစ်ခုဖွဲ့၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးဝါးများ ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရန်အတွက် ပြည်တွင်းသာမက နိုင်ငံတကာမှ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ဆေးဝါးလုပ်ငန်းများနှင့် ချိတ်ဆက် နားလည်မှုစာချွန်လွှာများရေးထိုး၍ multi-centric research သုတေသနများ ပြုလုပ်သွားစေလိုပါကြောင်း၊

• တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အပြင် တိုင်းရင်းဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများအတွက် အကြံပြုချက်များရယူနိုင်ရန် တိုင်းရင်းဆေးပညာရှင်ကြီးများပါဝင်သော အကြံပေးအဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• အဆိုပါအဖွဲ့အနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆေးဝါးအရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးခြင်းလုပ်ငန်းများကို သွားရောက်လေ့လာရမည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင် တိုင်းရင်းဆေးပညာသင်ကြားမှု၊ ထုတ်လုပ်မှု၊ သုတေသန၊ ကုသမှုလုပ်ငန်းများ လုပ်ဆောင်နေမှုများကိုလည်း မျက်ခြေမပြတ်ကြည့်ရှု လေ့လာ၍ မိမိနိုင်ငံ၊ မိမိကိုယ်ပိုင်တိုင်းရင်းဆေးပညာရပ်နှင့် ကိုက်ညီသည့် လုပ်ငန်းများဆောင်ရွက်ရန် အကြံဉာဏ်များရရှိနိုင်မည်ဖြစ်ပါကြောင်း၊

 

• တိုင်းရင်းဆေးရုံများမှ ဆေးရုံအုပ်များအတွက် ယခင်ကပြုလုပ်ခြင်းမရှိသေးသည့် ဆေးရုံစီမံခန့်ခွဲမှုသင်တန်းများကိုလည်း မကြာမီပြုလုပ်တော့မည်ဖြစ်ပြီး တိုင်းရင်းဆေးပညာ ဘွဲ့ရရှိသူများ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့သင်တန်း တက်ရောက်သင်ကြား နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာပါရဂူဘွဲ့ သင်တန်းများ ပေးအပ်နိုင်ရေးအတွက်ကိုလည်း ဝိုင်းဝန်းအကြံပြုဆောင်ရွက်ကြစေလို ပါကြောင်း၊

• တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခများ၊ Professor Emeritus များ၊ ပညာရှင်ကြီးများအနေဖြင့် မိမိတို့၏ တိုင်းရင်းဆေးပညာရပ်ကြီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်နှင့် ဉီးတည်ချက်များချမှတ်ကာ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဦးစားပေးအလိုက် အကြံပြုချက်များပေးအပ်စေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက Professor Emeritus (၃) ဦး၊ Honorary Professor (၃)ဦးနှင့် Visiting Lecturer (၂)ဦးတို့အား ခန့်အပ်လွှာများပေးအပ်ခဲ့ပါသည်။

     ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက တိုင်းရင်းဆေးတက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် Professor Emeritus များ၊ Honorary Professor များနှင့် Visiting Lecturer များအဖြစ် ခန့်အပ်ခံရသူများကိုယ်စား Professor Emeritus ပါမောက္ခဦးအောင်ကျော်မင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

More Tags