ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ပြန်လည်စတင်မည့်အကြောင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို အသိပေးအကြောင်းကြားခြင်း (15-5-2020)

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်ကို ဧပြီလ(၁)ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ပါသည်။ (၁၃-၅-၂၀၂၀) ရက်နေ့ အထိ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက် အစီအစဉ်ကို ပြန်လည်စတင်သွားမည်ဖြစ်ပါသည်။

     မေလ (၁၈)ရက်နေ့တွင်စတင်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံများ တွင်လည်းကောင်း၊ ဇွန်လ(၁)ရက်နေ့မှစတင်၍ မြို့နယ်အဆင့်အောက် တိုက်နယ်/ မိခင်ကလေး/ ဒေသန္တရ/ မြို့မ/ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ ကျေးရွာများတွင်လည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

     ဧပြီလနှင့်မေလတွင် ကာကွယ် ဆေးမထိုးနှံခဲ့ရသည့်ကလေးများကိုပါ ပြန်လည်ထိုးနှံ၊ တိုက်ကျွေးပေးမည်ဖြစ်ရာ ပုံမှန်ကာကွယ် ဆေးထိုးသည့်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရန် စတင်ထိုးနှံသည့်အချိန်တွင် ပြည်သူ့ဆေးရုံများနှင့် မိခင်ကလေး/ ဒေသန္တရ/ မြို့မကျန်းမာရေးဌာနများတွင် ရက်သတ္တပတ် တစ်ပတ်လျှင် (၅)ရက်ဖြင့် ရက်သတ္တပတ် (၂)ပတ်ဆက်တိုက် ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး(၁)ရက်ဖြင့် ဆက်လက်ထိုးနှံတိုက်ကျွေး သွားမည်ဖြစ်ပါသည်။

     ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် မိခင်နှင့် ကလေးကျန်းမာရေးအသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ တွဲဖက် ဆောင်ရွက်သွားပါမည်။

     ကာကွယ်ဆေးလာရောက်ထိုးနှံချိန်တွင် ရည်မှန်းကလေး ငယ်များအားလုံး တစ်ယောက်မကျန်မရရှိခဲ့သေးသောကာကွယ်ဆေးများအပြည့်အဝရရှိစေရန်နှင့် လူစုလူဝေးမဖြစ်စေဘဲဘေးအန္တရာယ်ကင်းစွာကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးနိုင်ရန်အတွက် မိဘ/ အုပ်ထိန်းသူများအနေဖြင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြ၍ ကာကွယ်ဆေးထိုးစုရပ်များသို့ လာရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်

 

More Tags