ပြည်ထောင်စုဝန်ကြီး Video Conferencing ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆရာဝန်ကြီးများ၊ ဆေးပညာနှင့် အပူပိုင်းဆေးပညာ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ နှင့် ဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီ (၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၁၀) နာရီတွင် အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆရာဝန်ကြီးများ၊ ဆေးပညာနှင့် အပူပိုင်းဆေးပညာ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများနှင့် ဆွေးနွေးခဲ့ပါသည်။

 

     ထိုသို့ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် -

• ပြည်သူများက လှူဒါန်းငွေ၊ ဆေးနှင့်ဆေး ပစ္စည်းများ၊ စက်ကိရိယာများ လှူဒါန်းနေခြင်း သည် ရှေ့တန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ သူနာပြုများ၊ ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဝန်ထမ်းများအတွက် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေ ရေးနှင့် လုပ်ငန်းလုံခြုံမှုရှိစေရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊

• ယခုအချိန်၌ အဓိက လုပ်ဆောင်ရမည့် အချက် (၅) ချက်ဖြစ်သော - (က) အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရာနေရာ (quarantine site) များကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ (ခ) မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လက်ကိုင်အသံချဲ့စက်ငယ်များ အသုံးပြု၍ ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်း၊ (ဂ) အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်း၊ (ဃ) ရောဂါဖြစ်သူနှင့် အနီးကပ်ထိတွေ့သူများ၊ သံသယလူနာ များအားလုံးကို COVID-19 ဓာတ်ခွဲစစစ်ဆေးခြင်း၊ (င) ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆေးရုံများအနေဖြင့် မိမိတို့ နေ့စဉ်နှင့် အပတ်စဉ် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်၍ အားနည်းချက်၊ လိုအပ်ချက်များရှိပါက မွမ်းမံပြင်ဆင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

 

• ယခုရက်ပိုင်းမှစ၍ COVID-19 ဓာတ်ခွဲစမ်းသပ်မှုများကိုလည်း အရေအတွက် ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး Rapid Diagnostic Test Kit များ သုံးရန်ကိုလည်း လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်မည်ဖြစ်ပါကြောင်း၊

• ဓာတ်ခွဲ နမူနာများ ပို့ဆောင်ရာတွင် ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ မော်တော်ယာဉ်များကို စနစ်တကျ ချိတ်ဆက်၊ ဆက်သွယ်ပို့ဆောင်သွားမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနရှိ အခြားကျန်းမာရေးစီမံချက်များအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးမှုမရှိစေရေးဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် စနစ်ကောင်းမွန်စေရေးတို့ ကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

• COVID-19 ကို အကြောင်းပြု၍ ကျန်ကျန်းမာရေးစီမံချက်များ ဆောင်ရွက်မှု လုံးဝမနှောင့် နှေးစေရန် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက တာဝန်ယူရမည်ဖြစ်ပါကြောင်း၊

• ယနေ့ အစည်းအဝေးတွင်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ များနှင့် လိုအပ်ချက်များကိုသာ လိုရင်းတိုရှင်း တင်ပြသွားရန်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆရာဝန်ကြီးများ၊ ဆေးပညာနှင့် အပူပိုင်းဆေးပညာ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများက -
• အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများစီမံဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသော အခက်အခဲများ၊ အောင်မြင်စွာဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ၊

• အထူးကြပ်မတ်ကုသမှုကုထုံး နှင့် အသက်ရှူစက်အသုံးပြုမှု မွမ်းမံသင်တန်းများကို ပြုလုပ်နေမှုနှင့် ဆက်လက်၍ ပိုမိုလုပ်ဆောင်မည့် အစီအစဉ်များ၊

• Clinical Management အဖွဲ့မှ ကုသမှုပိုင်းဆိုင်ရာ ဆွေးနွေးထားရှိမှုများ အပါအဝင် ကိစ္စရပ်များကို အတွေ့အကြုံဖလှယ်၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။

 
 

More Tags