ပြည်ထောင်စုဝန်ကြီးCOVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေး

မော်လမြိုင်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၁၃) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီလ (၁၂) ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြုပညာရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

 

     ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် -

• မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအားလုံးသည် COVID-19 လူနာ များအား ကုသမှုပေးရန် ပြင်ဆင်ထားရှိမှုလုပ်ငန်းများအား မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့ သို့ အလေးပေးဆောင်ရွက်နေကြသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့ ယခုကဲ့သို့လာရောက်ခြင်းမှာ ဆေးရုံ၏ COVID-19 လူနာများကုသပေးရန်ပြင်ဆင် ထားရှိမှုအတွက်သာမက အခြားဆေးရုံပိုင်းဆိုင်ရာလိုအပ်ချက်များကိုပါ ဖြည့်ဆည်း ပေးနိုင်ရန် ဖြစ်ပါကြောင်း၊

• ပြင်ပလူနာဌာနများတွင် ရောဂါအမျိုးမျိုးသောလူနာများကို တစ်နေရာတည်းတွင် ပြသနေခြင်းမပြုလုပ်စေဘဲ အဖျားရောဂါလူနာများအား သီးခြားပြသနိုင်ရန်အတွက် ဖျားနာ လူနာများအတွက် ပြင်ပလူနာဆေးခန်း(fever clinic)များကို စနစ်တကျ ဖွင့်လှစ်နိုင်ရန် အတွက် လုပ်ငန်းလမ်းညွှန်များထုတ်ဝေရန် ညွှန်ကြားပြီးဖြစ်ပါကြောင်း၊ ဤကိစ္စကို သေချာပီပြင်စွာမလုပ်နိုင်ပါက COVID-19 ရောဂါကူးစက်မှုကိုပင် ပိုမိုများလာစေနိုင်ပါ ကြောင်း၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများက ကြီးကြပ်ကာ ဆောင်ရွက်စေလိုပါကြောင်း၊ ဤ fever clinic များအား ဆေးရုံကြီးများ၌ ဆောင်ရွက်ခြင်း သည် ပိုမိုသင့်လျှော်မည်ဖြစ်ပါကြောင်း၊

 

• ယခုအခါ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူမှုများအပြင် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှု များကြောင့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE)နှင့် အသုံးအဆောင်များကိုရရှိခဲ့သဖြင့် မိမိတို့အနေဖြင့် လိုအပ်သည့် ဆေးရုံများသို့ လိုအပ်သည့် ပစ္စည်းများကိုသာ ပေးပို့နိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဆေးရုံအုပ်ကြီးများကလည်းလိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို ဦးစားပေးပုံစံ ဖြင့် တင်ပြစေလိုပါကြောင်း၊

• COVID-19 လူနာများကိုကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့ကိုယ်တိုင် ရောဂါကူးစက်မှုမခံရစေရေးကို အလေးပေးဆောင်ရွက်စေလိုပါ ကြောင်း၊

• အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုဆောင်ရွက်နေရာ (quarantine site) များအားလုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီစနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ရန်မှာ ယခုအချိန်၌ အထူးအရေးကြီးကိစ္စရပ်တစ်ခုဖြစ်နေသဖြင့် လုံးဝအား မလျှော့သည့် အပြင် ပိုမို၍ အင်အားထည့်ဆောင်ရွက်စေလိုပါကြောင်း၊

 

• မိမိတို့အနေဖြင့် COVID-19 အပြင် အခြားကူးစက်ရောဂါ၊ မကူးစက်နိုင်သောရောဂါ များကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ကိုလည်းဆောင်ရွက်ပေးပါရန် ပြောကြားလိုပါ ကြောင်း၊

• မိုးရာသီကာလမှာ မကြာမီရောက်ရှိတော့မည်ဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေး၊ ဝမ်းနှင့် ပတ်သက်သည့် ရောဂါများအတွက်လည်း ပြည်နယ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက လည်း ကြိုတင်ပြင်ဆင်မှုများကိုစတင်ပြုလုပ်ပါရန် ပြောကြားလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် မော်လမြိုင်ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးဒေါက်တာကျော်မြင့်က -

• ဆေးရုံတွင် COVID-19 လူနာများအားကုသမှုပေးနိုင်ရန်အတွက် ပြင်ဆင်ထားရှိမှုများနှင့် လိုအပ်ချက်များ၊

• အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊

• စောင့်ကြည့်လူနာများအား ကုသမှုပေးနေမှုနှင့် ဓာတ်ခွဲနမူနာများပေးပို့စစ်ဆေးခြင်းတို့ကို တင်ပြခဲ့ပြီးဆေးရုံရှိ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများက COVID-19 လူနာကုသရေးလုပ်ငန်းများအပြင် အခြားဆေးရုံပိုင်းဆိုင်ရာလုပ်ငန်းလိုအပ် ချက်များကိုတင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးကာ ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။

     ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းတို့နှင့်တွေ့ဆုံ၍ မော်လမြိုင်မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇီဝလုံခြုံမှုအဆင့်(၂+) (Biosafety Level (2+))ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းသုံးစက်ကိရိယာပစ္စည်းများ ရောက်ရှိနေပြီဖြစ်သည့်အတွက် COVID-19 ဓာတ်ခွဲစမ်း သပ်နိုင်ရေး၊ ထိုင်းနိုင်ငံမှ ထပ်မံရောက်ရှိလာနိုင်သည့် မြန်မာနိုင်ငံသားများအား စနစ်တကျ လက်ခံ၍ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုနိုင်ရေးနှင့် ထားရှိသည့်ကာလကို (၂၁) ရက်တာအထိတိုးမြှင့်ရန်အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သထုံမြို့ရှိ တိုင်းရင်းဆေးရုံ(သထုံ) တွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကိုမေးမြန်းကာဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

     ထိုသို့သွားရောက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများပါဝင်ခဲ့ပါသည်။

More Tags