ပြည်ထောင်စုဝန်ကြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံ၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာနေရာ (quarantine site) များနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) တို့သို့ကွင်းဆင်းသွားရောက်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး

မော်လမြိုင်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၁၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဧပြီလ (၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှု အထောက်အကူပြုပညာရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ကရင်ပြည်နယ်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုရေးအဖွဲ့အစည်းများ ညီညွှတ်စွာလက်တွဲပူးပေါင်းဆောင် ရွက်နေမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနှင့် မတူဘဲ ထိုင်းနိုင်ငံမှ နိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားများ အစုလိုက်အပြုံလိုက် ပြန်လာမှုများကို လက်ခံလျက်ရှိနေပါကြောင်း၊

 

• ထိုသို့ဝင်ရောက်လာသူများအား အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာနေရာများ တွင်လည်း စည်းကမ်းလိုက်နာဆောင်ရွက်ရေးသည် အထူးအရေးကြီးပြီး ပြန်လည်ဝင် ရောက်လာသူ မည်သူ့တွင်မဆို ရောဂါပိုးပါရှိလာနိုင်သည်ဟူသော ထင်မြင်ချက်ဖြင့် အထူးသတိပြုကြရမည်ဖြစ်ပါကြောင်း၊

• ယခုအခါ စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှု၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့်ဝယ်ယူမှုများ ကြောင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆေး၊ ဆေးပစ္စည်းကိရိယာ၊ ရောဂါကာကွယ် ရေး အသုံးအဆောင်များ ပိုမိုရရှိလာသဖြင့် တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေး ဌာနများနှင့် ညှိနှိုင်းကာ လိုအပ်သည့်နေရာများသို့ ဦးစားအလိုက်ပေးပို့လျက်ရှိပါကြောင်း၊

• မြဝတီခရိုင်ဆေးရုံကြီး၏ COVID-19 လူနာများ ကုသမှုပေးရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကိုလည်းကျေနပ်မှုရှိပါကြောင်း၊

• ပိုမိုကောင်းမွန်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် မြဝတီခရိုင် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဦးက -

• ဆေးရုံတွင် COVID-19 လူနာများအား ကုသမှုပေးနိုင်ရန်အတွက် ပြင်ဆင်ထားရှိမှုများနှင့် လိုအပ်ချက်များ၊

• နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်စပ် ဝင်၊ ဂိတ်များတွင် အဖျားရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆောင်ရွက် ခဲ့မှု၊

• အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊

• ကွင်းဆင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို တင်ပြခဲ့ပြီး ဆေးရုံရှိ အထူးကု ဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများက COVID-19 အပြင် အခြားဆေးရုံပိုင်းဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေး ကာ ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထိုင်းနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသား (၂၆၅) ဦးအား အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိရာနေရာ (quarantine site) ဖြစ်သည့် မြဝတီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (၁) သို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်ချက် များအား ဖြည့်ဆည်းပေးခဲ့ပါသည်။

     ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြဝတီ-မဲဆောက်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)သို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် နှီးနွှယ်ဌာနများ ပူးပေါင်းဆောင်ရွက်မှုနှင့် အဖျားရောဂါစောင့် ကြပ်ကြည့်ရှုရေးနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုဆောင်ရွက်ရန် စာရင်းမှတ်တမ်းများ စနစ်တကျပြုစုရေး အတွက် ပြင်ဆင်ထားရှိခြင်းများကို ကြည့်ရှုခဲ့ပါသည်။

 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းတို့နှင့်တွေ့ဆုံ၍ ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိသူ မြန်မာနိုင်ငံ သားများအား သတ်မှတ်နေရာအဆောက်အဦများတွင် ထားရှိ၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများဆောင်ရွက်နေမှုနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထိုင်းနိုင်ငံမှ ပြန်လာသူ မြန်မာနိုင်ငံသား (၈၃၈)ဦးအား အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိရာနေရာ (quarantine site) ဖြစ်သည့် မော်လမြိုင်တက္ကသိုလ်၊ အဆောင်များသို့ သွားရောက်၍ တာဝန်ထမ်းဆောင် နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနများမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များအား တွေ့ဆုံအားပေး၍ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား ဖြည့် ဆည်းပေးခဲ့ပါသည်။

     ထိုသို့သွားရောက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ပါသည်။

 
 

More Tags