တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓာတ်ခွဲအတည်ပြုနိုင်ခြင်း မရှိသေးသော Viral Pnuemonia ရောဂါတစ်မျိုး ဖြစ်ပွားနေခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓာတ်ခွဲအတည်ပြုနိုင်ခြင်း မရှိသေးသော Viral Pneumonia ရောဂါတစ်မျိုး ဖြစ်ပွားနေမှုအပေါ် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ (၈-၁-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် (၁၂-၁၂-၂၀၁၉) ရက်နေ့မှစ၍ ဖျားခြင်းနှင့် အသက်ရှူရခက်ခဲခြင်း ရောဂါလက္ခဏာများဖြင့် Viral Pneumonia လူနာတစ်ဦး တွေ့ရှိခဲ့ပြီး (၅-၁-၂၀၂၀) ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (၅၉) ဦး ရှိခဲ့ပါသည်။ ရောဂါလက္ခဏာခံစားရသူ လူနာများအနက် လူနာ (၇) ဦးမှာ ရောဂါပြင်းထန်လျက်ရှိကြောင်းနှင့် ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့သူ (၁၆၃) ဦးအား စောင့်ကြည့်လျက်ရှိကာ လတ်တလောအချိန်ထိ သေဆုံးသူလူနာ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်းဇယားများအရ သိရှိရပါသည်။ အဆိုပါရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတကာလေဆိပ်များဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ ထိုင်းနှင့် ရုရှားနိုင်ငံတို့တွင် ရောဂါဖြစ်ပွားရာ ဝူဟန်မြို့မှ ပြန်လာသည့် ခရီးသည်များအား Fever Screening နှင့် Health Quarantine ပြုလုပ်လျက်ရှိပါကြောင်း၊ စင်္ကာပူနိုင်ငံ၌ သံသယလူနာနှင့် အနီးကပ်ထိတွေ့သူများကိုပါ ဓာတ်ခွဲနမူနာ ရယူလျက်ရှိပါကြောင်းနှင့် ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့တွင် သံသယလူနာများ တွေ့ရှိကြောင်း သိရှိရပါသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် နယ်စပ် ဝင်/ထွက်ပေါက်များနှင့် ရေဆိပ်၊ လေဆိပ်များ (အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ဝင်/ထွက်ပေါက်များနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်) တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့၌ လက်ရှိဖြစ်ပွားနေသော Viral Pneumonia ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသူများအား အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ Pneumonia Surveillance အတွက် သံသယလူနာတွေ့ရှိပါက တုံ့ပြန်ဆောင်ရွက်ရမည့် Standard Operating Procedures (SOP) များကို ရေးဆွဲခြင်း၊ ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ Clinical Management Guidelines များ ရေးဆွဲခြင်းနှင့် သီးခြားလူနာခန်းများ ပြင်ဆင်ထားရှိရန် စီစဉ်ဆောင်ရွက်ခြင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ပူးပေါင်း၍ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Lab Facilities များကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲနှင့်ပူးပေါင်း၍ ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးခြင်းအဖြစ် ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းရောဂါများဆိုင်ရာ ကျန်းမာရေးအသိပေးနှိုင်းဆော်ချက် ထုတ်ပြန်ခြင်းနှင့် Health Advisory for Traveler ကို အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိ Arrival Hall များ၏ LED Board များတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပြသရန် စီစဉ်ထားရှိခြင်း၊ Hand Washing နှင့်ပတ်သက်သည့် ဗီနိုင်းဘုတ်များအား လေဆိပ်များတွင် စီစဉ်ထားရှိခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းများတွင် လိုအပ်သော PPE များ၊ Surgical Mask များ၊ VTM နှင့် Laboratory Reagent များကို လုံလောက်စွာ ထားရှိရန်စီစဉ်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

     အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ယခုဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags