တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသောခရီးသည် (၁) ဦးအား လိုအပ်သော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ထားရှိမှု

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသောခရီးသည် (၁) ဦးအား ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများတွေ့ရှိရသဖြင့် လိုအပ်သော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ထားရှိမှု

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသော 2019-nCoV Infection ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ ထွက်ပေါက်များတွင် အဖျားလက္ခဏာနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၃၁-၁-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၄၅) အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) မြို့မှ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော China Southern Airlines လေယာဉ် (၁) စီးပေါ် တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများဖြင့် ခရီးသည် (၁) ဦး လိုက်ပါလာကြောင်း လေယာဉ် မဆင်းသက်မီကပင် လေယာဉ်မှူးမှ အကြောင်းကြားလာသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုဆိုင်ရာဆိပ်ကမ်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် ခရီးသည်အား ကျန်းမာရေးစစ်ဆေးပေးရန်နှင့် လိုအပ်ပါက သီးခြားထားရှိ ဆေးကုသမှုပေးနိုင်ရန်အတွက် အဆိုပါလေယာဉ်ပေါ်သို့ ရောဂါကာကွယ်ရေးဝတ်စုံများဝတ်ဆင်၍ တက်ရောက်စစ်ဆေးခဲ့ပါသည်။

အဆိုပါလေယာဉ်ပေါ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား၊ အသက် (၅၆)နှစ်အရွယ် အမျိုးသား (၁) ဦးသည် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများရှိနေကြောင်း တွေ့ရှိရပြီး အဆိုပါခရီးသည်သည် ကွမ်ကျိုးမြို့ တွင် နေထိုင်သူဖြစ်ကာ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ ယခုဆိုက်ရောက်လာသော လေယာဉ်ဖြင့် လိုက်ပါလာခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့သို့ ခရီးသွားရောက်ခဲ့ခြင်းမရှိကြောင်း နှင့် 2019-nCoV Infection ဖြစ်ပွားသည်ဟု အတည်ပြုသောလူနာ (သို့မဟုတ်) သံသယလူနာများဖြင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်မရှိကြောင်း သိရှိရပါသည်။

အဆိုပါလူနာအား သီးခြားထားရှိကုသမှုပေးနိုင်ရန်အတွက် ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်သို့ သတ်မှတ်ထားသော လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက လိုအပ်သော ဆေးကုသမှုများ ပေးလျက်ရှိပါသည်။

လူနာ၏လက်ရှိ အခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိပြီး သီးခြားခန်း (Isolation room) တွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော 2019-nCoV Infection ရောဂါသံသယ (သို့မဟုတ်) အတည်ပြုလူနာ သတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း လက္ခဏာများရှိနေပြီး ၎င်းနေထိုင်သည့် ကွမ်ကျိုးမြို့သည် ဟူနန်ပြည်နယ်တွင်တည်ရှိပြီး ရောဂါကူးစက်ဖြစ်ပွားနေသည့် ဟူပေပြည်နယ်နှင့် နီးကပ်နေသဖြင့် စောင့်ကြပ်ကြည့်ရှုရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ ရောဂါကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် လူနာအား သီးခြားထားရှိကုသမှုပေးခြင်း ဖြစ်ပါသည်။

အဆိုပါခရီးသည်ထံမှ ဓာတ်ခွဲနမူနာရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုဓာတ်ခွဲစစ်ဆေးနိုင်ရေးအတွက် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်း ဓာတ်ခွဲစစ်ဆေးရန် စီစဉ်ထားရှိပြီးဖြစ်ပါသည်။

အဆိုပါ China Southern AIRLINE လေယာဉ်ခရီးစဉ်အမှတ် CZ 3066 ပေါ်တွင် နိုင်ငံခြားသားများ နှင့် မြန်မာနိုင်ငံသား (၂)ဉီးအပါအဝင် စုစုပေါင်း ခရီးသည် (၇၉) ဦးနှင့် လေယာဉ်အမှုထမ်း (၇)ဦး လိုက်ပါလာပါသည်။

လေယာဉ်ဖြင့်လိုက်ပါလာသူ မြန်မာနိုင်ငံသား အမျိုးသား (၂) ဦးတွင် 2019-nCoV Infection ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများ တစ်စုံတစ်ရာ တွေ့ရှိရခြင်းမရှိသော်လည်း ရောဂါကူးစက်မှုခံရပါက စောစီးစွာသိရှိပြီး ကုသမှုပေးခြင်းဖြင့် အခြားသူများသို့ ကူးစက်ဖြစ်ပွားမှုမရှိစေရေး ၎င်းတို့အား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည်များနှင့် လေယာဉ်အမှူထမ်းများအား ခွဲခြားထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ် (Quarantine) ကို (၂) ပတ် ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ရာ ၎င်းတို့သဘောဆန္ဒအရ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်မှုမရှိဘဲ (ပြည်တွင်းသို့ မဝင်ဘဲ) ပြန်လည်ထွက်ခွာသွားသည်ဟု သိရှိရပါသည်။

More Tags