ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားလေ့ကျင်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the meeting on the progress report on outcome-based integrated curriculum readiness for implementation

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၌ ကျင်းပခဲ့သည့် “(၂၀၂၀) ခုနှစ်တွင် ဆေးတက္ကသိုလ်များ၌ အသစ်စတင်တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် စတင်သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်းဆွေးနွေးပွဲသို့ (progress report on outcome-based integrated curriculum readiness for implementation)” သို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• အရည်အသွေးမြင့်မားသော၊ ကျင့်ဝတ်စည်းကမ်းများ လိုက်နာကျင့်သုံးသော၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပြည့်ဝသော ဆေးပညာရှင်များမွေးထုတ်ပေးနိုင်ရန် ပြောင်းလဲလာသော အခြေအနေများနှင့် ကိုက်ညီမှုရှိသည့် သင်ရိုးညွှန်းတမ်းသည် လွန်စွာအရေးကြီးပါကြောင်း၊

• မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (outcome-based integrated curriculum) ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်ခြင်းသည် အခြေခံမှစ၍ အလွန်သိသာ ထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ဆေးပညာလောကအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း၊

• သင်ရိုးညွှန်းတမ်းပုံစံသစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်ရာတွင် တစ်တမတ်တည်း ပုံသေ မဟုတ်ဘဲ ပြောင်းလဲလျက်ရှိသော အခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေစွာဖြင့် ပိုမိုကောင်းမွန်စေရေးကို အမြဲမပြတ် မွမ်းမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းအသုံးပြု သင်ကြားသင်ယူမှု စတင်သည်နှင့် တစ်ပြိုင်နက် အကောင်အထည်ဖော်ရေးအဖွဲ့နှင့် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တို့ကို ဖွဲ့စည်း၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာရှင်များ၏ အကြံပြုချက်များကို ရယူကာ ပိုမိုကောင်းမွန် ပြည့်စုံလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• သင်ရိုးညွှန်းတမ်းပုံစံသစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သော အခက်အခဲနှင့် စိန်ခေါ်မှုများစွာကို ကျော်လွှားနိုင်ရန် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှု၊ အပြန်အလှန်နားလည်မှုများနှင့် အကောင်းမြင်ဝါဒ၊ တိုးတက်ကောင်းမွန်စေလိုသည့် စိတ်ဓာတ်များနှင့် စုပေါင်းအင်အားဖြင့် ကျော်လွှားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် အသိပညာ၊ လက်တွေ့တတ်ကျွမ်းမှုသာမက ဆေးပညာကျင့်ဝတ်များ ခိုင်မြဲစွာ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးကိုပါ အလေးထားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

• သင်ကြားသင်ယူမှုများတွင် အခြေခံအဆောက်အဦပြည့်စုံကောင်းမွန်မှုသည် အရေးကြီးသဖြင့် လိုအပ်သည်များ အထူးဦးစားပေးအစီအစဉ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

• ဆေးတက္ကသိုလ် အသီးသီးမှ ဆေးပညာသင်ကြားရေးယူနစ် (medical education unit) များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခေတ်မီသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုံး သင်ကြားသင်ယူမှုယူနစ်များ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

• ပြည်သူ့ကျန်းမာရေး အခြေခံသဘောတရားများနှင့် သုတေသနပြုလုပ်သည့် အလေ့အကျင့်များ ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ဆေးတက္ကသိုလ်အသီးသီးတွင် သင်တန်းသား၊ သင်တန်းသူတစ်ဦး စတင်ပညာသင်ကြားသည့်ကာလမှ စတင်၍ အဆိုပါ ပညာရပ်များကို မိတ်ဆက်သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များတွင် သုတေသနပြုလုပ်ရန် ဘဏ္ဍာငွေများကို သိသာထင်ရှားစွာ တိုးမြှင့် ချထားပေးလျက်ရှိပါကြောင်း၊

• ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များတွင် သင်ယူသူများ၏ စိတ်အားထက်သန်မှုကို ရရှိစေရန် တက်ကြွစွာ အပြန်အလှန်ဆွေးနွေးသင်ကြားခြင်း (interactive teaching) ပုံစံဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီစွာဖြင့် ယခုထက် ပိုမိုကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းရေးဆွဲ ဆောင်ရွက်လျက်ရှိသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားလေ့ကျင်နိုင်ရေး ကိစ္စရပ်များအတွက် အတတ်နိုင်ဆုံး ဆက်လက် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးပညာရှင်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်ကြီးများ နှင့် တာဝန်ရှိသူများ အားလုံးကလည်း စုပေါင်းညီညာစွာဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊

• မိမိ အနေဖြင့် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းကို ဆန်းစစ်သုံးသပ်ခဲ့ပြီး ထိုသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသင်ယူခြင်းမှတဆင့် အရည်အသွေးပြည့်ဝ၍ ကျင့်ဝတ်စည်းကမ်းများ လိုက်နာကျင့်သုံးသော ဆေးပညာရှင်များကို မွေးထုတ်ပေးနိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်ပါကြောင်း၊

• ထိုသို့ဆေးပညာရှင်ကောင်းများမွေးထုတ်ပေးနိုင် ခြင်းဖြင့်နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် နှစ်ပေါင်းများစွာ အကျိုးရှိ စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေး ဗဟိုကော်မတီ (Central Committee for Integrated Curriculum Development (CCID)) ၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်က -

• ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားလေ့ကျင်နိုင်ရေးအတွက် (၂၀၁၆) ခုနှစ်တွင် ဗဟိုကော်မတီကို ဘာသာရပ်အသီးသီးမှ ပါမောက္ခများ၊ အငြိမ်းစားပညာရှင်များ ပါဝင်ဖွဲ့စည်းခဲ့မှု၊

• နိုင်ငံတကာဆေးတက္ကသိုလ် (၆) ခုတွင် သင်ကြားသင်ယူမှု ပြုလုပ်နေသည့် ပုံစံများကို လေ့လာပြီး Johns Hopkins University မှ ပညာရှင်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစေရန် သင်ရိုးညွှန်းတမ်းအား ပြင်ဆင်ရေးဆွဲထားရှိမှု၊

• ထိုသို့ ပြင်ဆင်ရေးဆွဲရာတွင် stakeholders’ meeting (၄)၊ ဗဟိုကော်မတီအစည်းအဝေး (၃၉) ကြိမ်နှင့် အလုပ်ရုံဆွေးနွေးပွဲနှင့် နှီးနှောဖလှယ်ပွဲ (၂၄) ကြိမ် တို့ ပြုလုပ်၍ ဆောင်ရွက်ခဲ့မှု၊

 

• အသိပညာသာမက အတတ်ပညာအဖြစ် လက်တွေ့အသုံးချဆောင်ရွက်နိုင်စေရန် သင်ကြား သင်ယူမှုပုံစံဖြင့်ဆောင်ရွက်သွားမည့် သင်ရိုးညွှန်းတမ်းရေးဆွဲထားရှိမှု၊

• (၂၀၁၇-၁၈) ပညာသင်နှစ်နှင့် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလတွင် စတင်တက်ရောက်ခဲ့သည့် ဆေးတက္ကသိုလ် ပထမနှစ် သင်တန်းများ၊ ယခုလက်ရှိ ဆေးတက္ကသိုလ် ဒုတိယနှစ် သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို ကနဦး (pilot study) ပုံစံဖြင့်ဆောင်ရွက်နေမှု၊

• သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ ဆေးတက္ကသိုလ်များတွင် ကျောင်းသားများ ဆရာ/ဆရာမ များ၏ သဘောထား စစ်တမ်းကောက်ယူဆောင်ရွက်ခဲ့မှုနှင့်

• ဆေးတက္ကသိုလ် သင်တန်းပညာသင်နှစ် အတန်းအလိုက် စုစည်းချိတ်ဆက်သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြားသင်ယူမှု ပုံစံများ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခဒေါက်တာခင်မာမြင့်က “Readiness for foundation year” ခေါင်းစဉ်ဖြင့် ဆေးပညာ အခြေခံ အုတ်မြစ်ပညာသင်နှစ်တွင် စုစည်းချိတ်ဆက်သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြား သင်ယူမှု ပုံစံများကိုလည်းကောင်း၊

ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခဒေါက်တာအေးသီတာက “Medical year 1 and 2 integrated basic medical sciences with clinical relevance” ခေါင်းစဉ်ဖြင့် ဆေးတက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်တို့တွင် ဆေးပညာအခြေခံပညာရပ်များကို စုစည်းချိတ်ဆက်သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြား သင်ယူမှု ပုံစံများကိုလည်းကောင်း၊

ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာအေးထွန်းက “Readiness for year 3 4 and 5 (clinical years)” ခေါင်းစဉ်ဖြင့် ဆေးတက္ကသိုလ် တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဥ္စမနှစ်တို့တွင် ဆေးလက်တွေ့ပညာရပ်များကို စုစည်းချိတ်ဆက်သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြားသင်ယူမှု ပုံစံများကိုလည်းကောင်း၊

ဆေးတက္ကသိုလ်၊ မန္တလေးမှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်က “Infrastructure readiness” ခေါင်းစဉ်ဖြင့် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်းအတွက် အခြေခံအဆောက်အဦများ ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊

 

     ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက “Future planned activities” ခေါင်းစဉ်ဖြင့် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်းအတွက် ဆရာ၊ ဆရာမများ၏ သင်ကြားသင်ယူမှုစွမ်းဆောင်ရည်မြင့်မားရေး၊ ဆေးပညာသင်ကြားရေးဌာနများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီအီလက်ထရောနစ်နည်းပညာအသုံးချသင်ကြားရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့် စုစည်းချိတ်ဆက်သင်ကြားမှုဆောင်ရွက်ခြင်းကို တက္ကသိုလ် အလိုက်သော်လည်းကောင်း၊ ပြင်ပအဖွဲ့အစည်းမှသော်လည်းကောင်း ဆန်းစစ်သွားရန် စီစဉ်ထားရှိမှုတို့ကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးမှုများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အကြံပြုချက်များပေးအပ်ခဲ့ကြပါသည်။

 

     မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းသည် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှုရှိစေရန်နှင့် နိုင်ငံတကာအဆင့်မီ ကောင်းမွန်စေရန်အတွက် ကျောင်းသားဗဟိုပြု ကိုယ်တိုင်ပါဝင်သင်ကြားသင်ယူမှုစနစ်ဖြင့် ဆေးပညာအခြေခံ သိပ္ပံပညာရပ် (basic sciences) များ၊ ဆေးလက်တွေ့ပညာရပ်များ၊ ဆေးပညာကျင့်ဝတ်များ၊ လူထုကျန်းမာရေးနှင့် မိသားစု ကျန်းမာရေးဆိုင်ရာ ပညာရပ်များ၊ လူမှုဆက်ဆံရေးနှင့် အပြုအမူပိုင်းဆိုင်ရာပညာရပ်များ၊ ဆေးသုတေသနပညာရပ်များ၊ ပြည်သူ့ ကျန်းမာရေးအခြေခံသဘောတရားများ စသည်တို့ကို စုစည်း ချိတ်ဆက်၍ သင်ကြားသွားမည် ဖြစ်ပါသည်။

 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်း၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ ကထိကများ၊ တာဝန်ရှိသူများနှင့် CCID အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

 

More Tags