ဆေးတက္ကသိုလ် (မန္တလေး) သို့ ပြည်ထောင်စုဝန်ကြီးသွားရောက်၍ သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး

Union Minister Dr. Myint Htwe visits University of Medicine, Mandalay

မန္တလေး၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဆေးတက္ကသိုလ် (မန္တလေး) သို့ သွားရောက်၍ သင်ကြားရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


 

      ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္ဓာဗေဒဌာနမှ ခန္ဓာဗေဒခွဲစိတ်ခန်း (Cadaveric Lab)၊ ဇီဝကမ္မဗေဒဌာန၊ ခေတ်မီစာကြည့်တိုက်နှင့် တက္ကသိုလ်အမှတ်တရလက်ဆောင်ပစ္စည်းဆိုင် တို့သို့လည်းကောင်း၊ အခြေခံအုတ်မြစ်စာသင်နှစ် (foundation year)မှ သင်တန်းသား၊ သင်တန်းသူများကို (၂၀၁၉) ခုနှစ် ဒီဇင်ဘာလမှ စတင်၍ “ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)” ဖြင့် သင်ကြားနေမှုအခြေအနေနှင့် ၎င်းသင်ရိုးညွှန်းတမ်းအရ အုပ်စုငယ်ဖွဲ့၍ သင်ကြားခြင်း (small group teaching) ဆောင်ရွက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ရာ ဆေးတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပါသည်။


 

     ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်က ဆေးတက္ကသိုလ် (မန္တလေး) တွင် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။


 

    ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ ဆေးတက္ကသိုလ် (မန္တလေး) ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သမားရိုးကျမှဖောက်ထွက်သောအမြင် (innovative thinking, out-of-the-box thinking) ပုံစံများဖြင့် ဆောင်ရွက်လျက်ရှိသော ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ အားလုံးကို ချီးကျူးပါကြောင်း၊

• ကျွမ်းကျင်မှုပိုင်းပြည့်ဝပြီး (technically savvy) ကျင့်ဝတ်လိုက်နာသော (ethically minded)၊ အနာဂတ်မျှော်မှန်းအမြင်ရှိသော (forward looking) ဆေးပညာရှင်ကောင်းများ မွေးထုတ်နိုင်ရန်အတွက် ဆရာ၊ ဆရာမများအားလုံးက ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်နေရခြင်းသည် မြန်မာနိုင်ငံ ဆေးပညာလောကအတွက် အထူးကောင်းမွန်ပါကြောင်း၊

• နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သုတေသနလုပ်ငန်းများကို တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်း၌ အရေးကြီးသည့် အပိုင်းအဖြစ် သတ်မှတ်သင်ကြားပြီး မိမိတို့ဝန်ကြီးဌာနမှလည်း သုတေသနဆောင်ရွက်ရန် ဘဏ္ဍာငွေ ယခု (၂၀၁၉-၂၀) ခုဘဏ္ဍာနှစ်၌ ကျပ်သန်း (၃၀၀၀) ချထားသဖြင့် အဆိုပါ ဘဏ္ဍာငွေများဖြင့် အရေးကြီးသည့် သုတေသနများကို ဆောင်ရွက်စေလိုပါကြောင်း၊

• လာမည့် (၂၀၂၀-၂၁) ခု ဘဏ္ဍာနှစ်တွင်လည်း ကျပ်သန်း (၄၅၀၀) အထိသုံးစွဲနိုင်ရန် ရည်မှန်းထားပါကြောင်း၊

• ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများတွင် သုတေသနဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေကာ သုတေသနဆောင်ရွက်သည့် ယဉ်ကျေးမှု (research culture) ဖွံ့ဖြိုးတိုးတက်ရန် အထူးအရေးကြီးသည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့် ပြုစုပျိုးထောင်၍ ဆောင်ရွက်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်း (၆၀၀၀) ကိုခွင့်ပြုချထားပေးခဲ့ပါကြောင်း၊

• အဆိုပါ ရန်ပုံငွေများကို အဆိုပြုလွှာ လျှောက်ထားရယူ၍ ဆရာ၊ ဆရာမများက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အသုံးချသုတေသနများ၊ ကုထုံးဆိုင်ရာ သုတေသနများကို ဆောင်ရွက်သွားစေလိုပါကြောင်း၊

• မြန်မာနိုင်ငံရှိတက္ကသိုလ်များ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ်အလိုက် သုတေသနစာတမ်းများထွက်ရှိခြင်းသည်လည်း အရေးကြီးသည့် စံနှုန်းတစ်ခုဖြစ်ပါကြောင်း၊


 

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) တွင် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်မှ စတင်၍ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိရာ စိတ်ပါဝင်စားသူ ဆရာ၊ ဆရာမများ တက်ရောက်နိုင်ပါကြောင်း၊

• ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum) တွင် အခြေခံအုတ်မြစ်စာသင်နှစ် (foundation year) မှ နောက်ဆုံးနှစ် အထိသုတေသနဆိုင်ရာ သင်ကြားခြင်းများပါဝင်သဖြင့် ထွက်ပေါ်လာမည့် ဆရာဝန်များအနေဖြင့် သုတေသနလုပ်ကိုင်လိုသည့် စိတ်ဓာတ်များ ပေါက်ဖွားရှင်သန်လာမည်မှ သေချာ ပါကြောင်း၊ ဤအချက်သည် နိုင်ငံ၏ ဘက်စုံဖွွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊

• ဆေးတက္ကသိုလ် (မန္တလေး) တွင် သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) များကို ပိုမိုတိုးချဲ့ဖွဲ့စည်းစေလိုပြီး ကျင့်ဝတ်ဂုဏ်သိက္ခာမြင့်မားခိုင်မာသော သုတေသနများ ဖြစ်စေရေး စောင့်ကြည့်ရေးအဖွဲ့ (office of research integrity unit) ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားစေလိုပါကြောင်း၊

• ထို့အပြင် မြန်မာနိုင်ငံ၏ ဆေးပညာလောက ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရန်လိုအပ်နေသည့် သုတေသနခေါင်းစဉ်များကို စုစည်းထားသည့် (research title bank) ကိုလည်း ပြုစုထားရှိစေလိုပါကြောင်း၊

• မန္တလေးဆေးတက္ကသိုလ် အပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ တွင်လည်း အလားတူဆောင်ရွက်သွားစေလိုပါကြောင်း၊


 

• သုတေသနဆောင်ရွက်လိုသူများအနေဖြင့် အဆိုပါ စုစည်းထားရှိမှု (research title bank) မှ သုတေသနခေါင်းစဉ်များကို အဆင်ပြေလွယ်ကူစွာ ရွေးချယ်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊

• သင်ကြားသင်ယူမှုများကို အထောက်အကူပြုစေမည့် အရေးကြီးခေတ်ပေါ်ခေါင်းစဉ်များကို အပြန်အလှန်ဆွေးနွေးခြင်း (panel discussion) နှင့် နေ့လယ်စာစားချိန် ဆွေးနွေးပြောကြားမှု (lunch time talk) များကို ပုံမှန် အပတ်စဉ်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• တိုးတက်သောနိုင်ငံများရှိတက္ကသိုလ်များတွင် ဤကဲ့သို့ပြုလုပ်သည်မှာ တက္ကသိုလ်တစ်ခု၏ ပုံမှန်လုပ်ဆောင်မှုပင်ဖြစ်ပါကြောင်း၊

• ထိုတက္ကသိုလ်ကြီးများ၌ တစ်ရက်တည်း၊ တစ်ချိန်တည်းတွင်ပင် တစ်ခုထက်မကသော အပြန်အလှန်ဆွေးနွေးခြင်း (panel discussion) နှင့် နေ့လယ်စာစားချိန် ဆွေးနွေးပြောကြားမှု (lunch time talk) များကို တစ်ပြိုင်တည်းဆောင်ရွက်နေပါကြောင်း၊

• တက္ကသိုလ်တွင် သင်ကြားသင်ယူမှုကို အထောက်အကူပြုသည့် တက္ကသိုလ်အဆင့် ပတ်ဝန်းကျင် (university atmosphere) ကို ရရှိရန် ဖန်တီးရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဝယ် ၎င်းတို့သည် တက္ကသိုလ်အဆင့်ပညာရပ်များ သင်ကြားနေသည်ကို ကိန်းဝပ်နေရေး ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊

• တက္ကသိုလ်တွင် အငြိမ်းစားပညာရှင်ကြီးများ၊ ဆရာ၊ ဆရာမကြီးများအား ဂုဏ်ထူးဆောင်ပါမောက္ခ (honorary professor) များ၊ ဧည့်ပါမောက္ခ(visiting professor) များအဖြစ် ခန့်အပ်တာဝန်ပေးခြင်းအပြင် မိမိတို့တက္ကသိုလ်၌ အငြိမ်းစားယူပြီးသော ထူးချွန်သည့် ပါမောက္ခကြီးများအား အထူးဂုဏ်ထူးဆောင် ပါမောက္ခ(Professor Emeritus) များအဖြစ်ခန့်အပ်ပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ ၌ ပါဝင် ပံ့ပိုးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• နိုင်ငံတကာသို့ရောက်ရှိနေသည့် မူလမြန်မာနိုင်ငံသား ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင် (diaspora professionals) များကို ဖိတ်ခေါ်၍လည်း သင်ကြားသင်ယူမှုများ၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များတွင် သရုပ်ပြ (demonstrator) ရာထူးဖြင့် အလုပ်ဝင်ရောက်မည့် ဆရာ၊ ဆရာမ သစ်လွင်များ၊ ကုသရေးမှ သင်ကြားရေးသို့ ပြောင်းလာသည့် ဆရာဝန်များအတွက် (၂) ပတ်တာကာလ သင်ကြားမှုနည်းစနစ်ဆိုင်ရာ မွမ်းမံသင်တန်းများကို တက်ရောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


 

• တက္ကသိုလ်တွင် သင်ကြားသည့် ဘာသာရပ်အသီးသီးမှ ကောင်းမွန်အသုံးဝင်သော သင်ခန်းစာအကြောင်းအရာ သင်ကြားပို့ချမှု (lecture) များကိုလည်း ရုပ်သံရိုက်ကူး၍ တက္ကသိုလ်၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများ ပြန်လည် ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ခြင်း အခမ်းအနားနေ့တွင်လည်း ယင်းတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး အောင်မြင်ထင်ပေါ်ကျော်ကြားနေသည့် ပညာရှင်များမှ ၎င်းတို့၏ ကြိုးစားဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဟောပြောမှု (commencement speech) များကို ထည့်သွင်းပြုလုပ်သွားစေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ဘွဲ့ရ မောင်၊ မယ်များအနေဖြင့် အနာဂတ်ရည်မှန်းချက်များ ချမှတ်ရာတွင် အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊

• ဆေးလက်တွေ့ပညာရပ်များတွင် ဘုတ်အဖွဲ့အသိအမှတ်ပြု အထူးကုဆရာဝန်များ (board certified specialist) များ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာစေရေးကို မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ဘာသာရပ်ဆိုင်ရာအဖွဲ့ (society) အသီးသီးနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်စေလိုပါကြောင်း၊

• ဘွဲ့လွန်ဆေးလက်တွေ့ပညာရပ်သင်ကြားမှုကိစ္စရပ်များတွင် ဘွဲ့လွန်ဘွဲ့များကိုပေးသည်မှာ ကောင်းမွန်သော်လည်း (fellow system) ပုံစံဖြင့် ပေါင်းစပ်ပြီး အထူးကုဆရာဝန်များ မွေးထုတ်နိုင်ရေးကိုလည်း စဉ်းစားဆောင်ရွက်ကြစေလိုပါကြောင်း၊

• မိမိတို့နိုင်ငံအတွက် ယခုအချိန်၌ အရေးတကြီးလိုအပ်လျက်ရှိသော ဆေးပညာဘာသာရပ်အသီးသီးတွင် လာမည့်ပညာသင်နှစ်တွင် ဘွဲ့လွန်ဝင်ခွင့် အရေအတွက်များပိုမိုတိုးမြှင့်ခေါ်စေလိုပါကြောင်း၊

• ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ ယခုထက်ပိုမိုတိုးမြှင့်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

• ယနေ့ မိမိအနေဖြင့် ဆေးတက္ကသိုလ် (မန္တလေး) တွင် အုပ်စုငယ်ဖွဲ့၍ သင်ကြားခြင်း (small group teaching) များကို လှည့်လည်ကြည့်ရှုခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်တက်ကြွစွာပါဝင်ခြင်း၊ ဟောပြောခြင်းများဖြင့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းသင်ကြားနေမှုများကို တွေ့မြင်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် မြန်မာနိုင်ငံ ဆေးပညာလောကရှေ့ရေးအတွက် အလွန်ကောင်းမွန်သော လက္ခဏာဖြစ်ပါကြောင်း၊

• တက္ကသိုလ် ပါမောက္ခချုပ်အနေဖြင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အလွတ်သဘော မကြာခဏတွေ့ဆုံ၍ တက္ကသိုလ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုပါကြောင်း၊

• မျိုးဆက်သစ်ဆေးပညာရှင်များအတွက် လက်ဦးဆရာများဖြစ်သည့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် ဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဘက်ပါမောက္ခများ၊ ကထိက၊ ဆရာ၊ ဆရာမများက သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို အသီးသီးတင်ပြခဲ့ကြပြီး၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။


 

      ဆက်လက်၍ ထိုသို့ ဆွေးနွေးအကြံပြုချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန) ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းတို့က ပြန်လည် ဆွေးနွေးပြောကြားခဲ့ပါသည်။

More Tags