နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်
ယခင်အခါက ပုံနှိပ်မီဒီယာများသာ ရှိခဲ့သော်လည်း ယနေ့ခေတ်အခါတွင် မိုဘိုင်းအင်တာနက်ကွန်ရက်များ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ အင်တာနက်သုံးစွဲမှုနှင့် လူမှု ကွန်ရက်သုံးစွဲမှုတို့သည်လည်း များပြားလာပါသည်။
အဆိုပါ အင်တာနက်၊ လူမှုကွန်ရက်တို့ကို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အသုံးချ၍ သတင်းမှန်များ မျှဝေခြင်းအပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ကြသူများရှိသကဲ့သို့ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်၊ အခြေအနေအရပ်ရပ် တည်ငြိမ်မှုမရှိစေရန်နှင့် ထိုသို့ ထိတ်လန့်ကြောက်ရွံ့မှုအပေါ် အခွင့်ကောင်းယူကာ စီးပွားရေး အကျိုးအမြတ်အပါအဝင် အကျိုးအမြတ်များရရှိစေရေးအတွက် မသမာသူများက ကောလာ ဟလ သတင်းတု၊ သတင်းမှားများနှင့် လွှဲမှားသော ကျန်းမာရေးအယူအဆများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသည်ကိုလည်း တွေ့ရှိနေရ ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm)၊ ဝန်ကြီးဌာန၏ လူမှုကွန်ရက် (facebook) စာမျက်နှာ (Ministry Of Health And Sports Myanmar)၊ Myanmar CDC facebook page အပါအဝင် ဦးစီးဌာနအသီးသီး၏ facebook page များမှ သတင်းများ၊ ကျန်းမာရေးအသိပညာ အချက်အလက်များနှင့် အသိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိပါသည်။
အလားတူ ပြန်ကြားရေးဝန်ကြီးဌာန၏ ပူးပေါင်းမှုဖြင့်လည်း ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများတွင် သတင်းများ ပုံမှန် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခု 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞 𝟐𝟎𝟏𝟗 (𝐂𝐎𝐕𝐈𝐃-𝟏𝟗) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနများ၊ ဆေးရုံများမှ သတင်း အချက်အလက်များကို ကွန်ရက်ချိတ်ဆက်ရယူခြင်း၊ ကောလာဟလသတင်းများနှင့် ပတ်သက်၍ သတင်းအရင်းအမြစ်စုံစမ်းစိစစ်ခြင်းများကို မိမိတို့၏ ဝန်ထမ်းများမှ အားထုတ်ကြိုးပမ်း လုပ်ဆောင်ကာ ပြည်သူများထံ နေ့စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။
ထို့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ eHealth Division အနေဖြင့်လည်း Myanmar Facebook Team နှင့် တွေ့ဆုံ၍ လူမှုကွန်ရက်တွင် ဖန်တီးဖြန့်ဝေနေသော ကောလာဟလ သတင်းမှားများကို ဖယ်ရှားရှင်းလင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ဥပမာအားဖြင့် အောက်ဖော်ပြပါ facebook account ကဲ့သို့ account အချို့မှ 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞 𝟐𝟎𝟏𝟗 (𝐂𝐎𝐕𝐈𝐃-𝟏𝟗) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြည့်လူနာများနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများကို ဖြန့်ဝေလျက်ရှိကြောင်းကို တွေ့ရှိနေရပါသည်။ ထိုသို့မဟုတ်မမှန်သတင်းများကို ဖြန့်ဝေနေခြင်းသည် လူ့ကျင့်ဝတ်များနှင့် လည်းမညီဘဲ အများပြည်သူအား ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ လူနာနှင့် လူနာ၏ မိသားစုဝင်များအား အလွန်နစ်နာစေခြင်း တို့သာမက လူနာအား မိမိတို့ကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ခြေရှိသည့်ကြားမှ အနီးကပ် ကြိုးပမ်းကုသစောင့်ရှောက်ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအားလည်း ထိခိုက်နစ်နာစေလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သတင်းထုတ်ပြန်ချက်များနှင့် နိုင်ငံတော်မှ အသိအမှတ်ပြု ထားသော တရားဝင်သတင်းမီဒီယာများမှ သတင်းများကိုသာ ယုံကြည်ကြပါရန်နှင့် ကောလာဟလ သတင်းမှားများကို ထပ်ဆင့်ဖြန့်ဝေခြင်းများမှ ရှောင်ရှားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။