ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အတွေ့အကြုံများ ဝေမျှမှု webinar စနစ်ဖြင့်ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် အဖွင့်အမှာစကားပြောကြား

Union Minister Dr. Myint Htwe attends the webinar for Sharing Republic of Korea's Experience in Combating COVID-19

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီလ (၁၇) ရက်နေ့၊ နံနက် (၇:၃၀) နာရီတွင် ပြုလုပ်ခဲ့သော webinar စနစ်ဖြင့်ပြုလုပ်ခဲ့ပြီး အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းဆောင်ရွက်နေသည့် ပညာရှင်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အတွေ့အကြုံများ ဝေမျှမှုအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ကိုရီးယားသမ္မတနိုင်ငံ Institute for Global Engagement & Empowerment at Yonsei University ၏ ဥက္ကဋ္ဌ Professor SOHN Myongsei က အစည်းအဝေး၌ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာ၌ -

• ယခုကဲ့သို့ ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ ကို ငွေကြေးနှင့် စွမ်းအားစုများအား အကျိုးရှိထိရောက်စွာနှင့် စွမ်းရည်မြင့်မားစွာ ဆောင်ရွက်ခဲ့သည့် နည်းဗျူဟာများ (cost effective and efficient measures)၊ အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ခဲ့မှု (time efficient and responsive) များ စသည့် အတွေ့အကြုံများကို ဝေမျှကာ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခြင်း သည် မိမိတို့ နိုင်ငံအတွက်သာမက ယခု အစည်းအဝေး သို့ တက်ရောက်လာသော အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအတွက်လည်း အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

 

• မိမိမြန်မာနိုင်ငံအနေဖြင့် COVID-19 ဖြစ်ပွားသူဦးရေ ရုတ်ချည်းတက်မလာစေရန်၊ ရောဂါဖြစ်ပွားသူထံမှ အခြားသူများထံ ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို အစွမ်းကုန်တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် မတူသော ထူးခြားသည့် အခြေအနေတစ်ခုမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ထောင်သောင်းချီ၍ ပြန်လည် ဝင်ရောက်လာမှုများရှိနေ၍ ထိုသူများမှ တစ်ဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများဆောင်ရွက်နေရခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါကြောင်း၊

• ဤ စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် ပြည်သူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ ဆောင်ရွက်နေသည်ကို အသိပေးပြောကြားလိုပါ ကြောင်း၊

• ထို့အပြင် ယနေ့ webinar အစည်းအဝေးသို့ တက်ရောက်လာသော အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ အတွေ့အကြုံများသည် နိုင်ငံအားလုံးအတွက် အကျိုးရှိ မည်ဖြစ်ပါကြောင်း၊

 

• ယခု webinar အစည်းအဝေး၌ တင်ပြဆွေးနွေးသည့် presentation များကိုလည်း ပြန်လည် မျှဝေစေလိုပါကြောင်း ပြောကြားခဲ့ပါ သည်။

Graduate School of Public Health ၏ Dean Professor Jonguk Won က လက်ရှိ ကိုရီးယားသမ္မတနိုင်ငံ၏ ရောဂါနှင့် ပတ်သက်သည့် အခြေအနေများ (Current situation of Korea) နှင့် ရောဂါများကို မည်သည့် မည်ပုံနည်းဖြင့် ထိန်းချုပ်နေသည်ကိုလည်းကောင်း၊

Yonsei University မှ Professor So Yoon Kim က အမျိုးသားအဆင့် စီမံခန့်ခွဲမှုနှင့် ပြည်သူများထံဆက်သွယ်ပြောကြားမှု (National management and public communication) ကိုလည်းကောင်း၊

Yonsei University မှ Professor Lee, Hyuk Min က သံသယလူနာရှာဖွေဖော်ထုတ်မှုနည်းစနစ်နှင့် ဓာတ်ခွဲစစ်ဆေးမှု (testing and laboratory arrangement နှင့် identification of suspects) ကိုလည်းကောင်း၊

 

Yonsei University မှ Chairman Mr. Kyoung R.Lee ကမ္ဘာ့ကပ်ရောဂါအတွက် ဓာတ်ခွဲခန်းဆိုင်ရာ စွမ်းဆောင်ရည်များအား ကြိုတင်ပြင်ဆင်ခြင်း (preparation for pandemic laboratory competency) ကိစ္စရပ်များကိုလည်းကောင်း၊

Yonsei University မှ Professor H. Kim က ဓာတ်ခွဲအတည်ပြုလူနာများအား သီးခြားထားရှိကုသခြင်းနှင့် နီးကပ်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းပုံစံများ၊ သတင်းအချက်အလက်များ ရရှိရန် ဆောင်ရွက်သည့် ပုံစံများ၊ လူနာကုသမှုပိုင်းဆိုင်ရာ အကြောင်းအရာများ (Infected isolation and tracing of contacts management, data reporting system, patient classification and treatment နှင့် treatment procedures and methods and organization) ကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

 

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ တာဝန်ရှိသူများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး Yonsei University မှ ပညာရှင်များက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ မေးမြန်းဆွေးနွေးခြင်းများသည် အကျိုးရှိပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် rapid diagnostic test kit များ၏ အခန်းကဏ္ဍ၊

• COVID-19 လူနာများတွင် ဗိုင်းရပ်စ်ပိုးပွားများ ထုတ်လုပ်မှု အချိန်ကာလ (Viral shedding duration)၊

• ကိုရီးယားသမ္မတနိုင်ငံ၏ အတွေ့အကြုံနှင့် သုတေသနရလဒ်များ တို့နှင့် ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များကို မေးမြန်းခဲ့ပါသည်။

အဆိုပါ Webinar အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး နှင့် တာဝန်ရှိသူများ၊ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းဆောင်ရွက်နေသည့် ပညာရှင်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါ သည်။

More Tags