ကိုရီးယားသမ္မတနိုင်ငံမှ COVID-19 ဓာတ်ခွဲပစ္စည်းများ လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၁၉) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ COVID-19 ဓာတ်ခွဲပစ္စည်းများ လှူဒါန်းမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa က ပြောကြားရာတွင် -

• ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို တိုက်ဖျက်ရာတွင် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူသားဘဝလုံခြုံရေး (human security) ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊

 

• ဤရောဂါကိုတိုက်ဖျက်ရာတွင် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ၏ မှာကြားချက်ဖြစ်သော နိုင်ငံများ၏ တစ်စိတ်တစ်ဝမ်းတည်း စုစည်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကို အဓိကသော့ချက်အဖြစ် အလေးထားဆောင်ရွက်နေပါကြောင်း၊

• မိမိတို့နိုင်ငံတွင် ရောဂါစစ်ဆေးခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေ ထောက်လှမ်းခြင်း၊ ကုသမှုပေးခြင်းနည်းဗျူဟာတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်ဖြစ်သော "ပြည်သူသာလျှင်အဓိက" ဆိုသည်နှင့်အညီ ပြည်သူများ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်းဆိုသည်ကို ထောက်ခံ အပ်ပါကြောင်း၊

 

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် COVID-19 တုံ့ပြန်ဆောင်ရွက်ရေးနှင့် COVID-19 ကာလအလွန်တွင် လူသားဘဝလုံခြုံမှုကို ဗဟိုပြုသည့် နို်ငငံတကာပူးပေါင်းဆောင်ရွက်မှုများတွင် ဦးဆောင်ကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယမန်နှစ်က ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ ပြီးနောက် မြန်မာ - ကိုရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံ၏ ချစ်ကြည့်ရင်းနှီးမှုမှာ ပိုမိုအဆင့်မြင့်မားခိုင်မာ လာခဲ့ပါကြောင်း၊

 

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ချစ်ကြည်ရင်းနှီးစွာ၊ အပြန်အလှန်ယုံကြည်မှုပြည့်ဝ စွာဖြင့် ဆက်လက်ပံ့ပိုးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ Distinguished Alumnus Award from Johns Hopkins University ရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အမှတ်တရ ဂုဏ်ပြုပန်းစည်းပေး အပ်ခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးကြီးသည့် ဓာတ်ခွဲ စစ်ဆေးမှုလုပ်ငန်းဆိုင်ရာဓာတ်ခွဲပစ္စည်းများ လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် COVID-19 တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှုများသည် ကောင်းမွန်ပါကြောင်း၊

• ယမန်နေ့က Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E Mr. Moon Jae-in က "ကိုရီးယားသမ္မတ နိုင်ငံအနေဖြင့် COVID-19 ကာလအလွန်တွင် လူသားဘဝလုံခြုံမှုကို ဗဟိုပြုသည့် နို်ငငံတကာပူးပေါင်း ဆောင်ရွက်မှုများတွင် ဦးဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံများအားလုံး၏ တစ်စိတ်တစ်ဝမ်းတည်း စုစည်းပူးပေါင်းမှုဖြင့်သာ လူသားများ၏ လုံခြုံမှုကို ခြိမ်းခြောက်နိုင်သည့် ဘေးအန္တရာယ်များ၊ ရောဂါဘယကပ်ဘေးများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းသွား နိုင်မည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ၊ အရှေ့မြောက်အာရှနှင့် ကျန်နိုင်ငံများမှ တစ်စိတ်တစ်ဝမ်း တည်း စုစည်းပူးပေါင်းမှုဖြင့် တူညီသည့် ရည်မှန်းချက်ဖြစ်သော လူသားများလုံးခြုံမှုကို ရရှိစေရေးတွင် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဦးဆောင်ကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း" တို့ကို ပြောကြားခဲ့ခြင်း အပေါ် ထောက်ခံအပ်ပါကြောင်း၊

 

• လူသားဘဝလုံခြုံရေးတွင် ကျန်းမာရေးဆိုင်ရာလုံခြုံမှုနှင့် လူမှုစီးပွားရေးဆိုင်ရာလုံခြုံမှုများလည်း ပါဝင်နေပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ယူခဲ့သော Dr. Lee Jong-wook ကလည်း ကျန်းမာရေးလုံခြုံမှု (health security) ကိစ္စရပ်များကို ရှေ့အမျှော်အမြင်ကြီးစွာဖြင့် ပြောကြား ခဲ့ပါကြောင်း၊

• မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်မှုဖြင့် COVID-19 တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါဖြစ်စဉ်တွင် ဘေးထွက်ကောင်းကျိုးများရရှိသည်လည်း ရှိပါကြောင်း၊

• ပြည်သူများတွင် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများဆိုင်ရာ ကျန်းမာရေး အသိပညာများကြွယ်ဝလာခြင်း၊ စေတနာရှင်များ၏ လှူဒါန်းမှုများကြောင့် ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ ပိုမိုရရှိခြင်း၊ ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်ခဲ့ခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခဲ့ခြင်း၊ ကျန်းမာရေးစနစ်ပိုမိုကောင်းမွန် လာခြင်းတို့အပြင် ပြည်သူများ ၏ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အကျိုးကျေးဇူးများကို ရရှိပါကြောင်း၊ အဆိုပါအချက်များ သည် ယခု COVID-19 ဖြစ်စဉ်အတွက်သာမက ရေရှည်အတွက်ပါ အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခု COVID-19 ဖြစ်စဉ်တွင်လည်း ယနေ့လှူဒါန်းမှုများအပါအဝင် ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတနိုင်ငံ အစိုးရကိုယ်စား ကိုရီးယားသမ္မတ နိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa၊ KOICA Myanmar ကိုယ်စား KOICA Myanmar Chief Representative Ms. Lee Youn-Soo နှင့် Hyundai Engineering and constructions Co.ltd မှ ကိုယ်စားလှယ်တစ်ဦးတို့၏ လှူဒါန်းမှုများအား လက်ခံခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။

     ကိုရီးယားသမ္မတနိုင်ငံ အစိုးရမှ အမေရိကန်ဒေါ်လာ (500,000) တန်ဖိုးရှိ ဓာတ်ခွဲ test kit များ၊ KOICA Myanmar မှ အမေရိကန်ဒေါ်လာ (50,000) တန်ဖိုးရှိ RNA extraction kit များနှင့် Hyundai engineering and constructions Co.ltd မှ အမေရိကန်ဒေါ်လာ (52,500) တန်ဖိုးရှိ ဓာတ်ခွဲနမူနာ ထည့်ပိုးသည့် Viral Transport Media (15,000) ခုတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

 

     ဆက်လက်၍ ယနေ့၊ နေ့လယ်ပိုင်းတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ မှ ဆရာတော်တစ်ပါးက လှူဒါန်းရသည့် အကြောင်းအရင်းကို ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို ကျေးဇူးတင်စကားပြောကြား ခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တို့က လှူဒါန်းမှုများအား လက်ခံခဲ့ကြပြီး အလှူရှင်များထံ ကျေးဇူးတင် ဂုဏ်ပြုလွှာများ အသီးသီး ပေးအပ်ခဲ့ပါသည်။

ယနေ့ လှူဒါန်းမှု၌ -

• အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ မှ ငွေကျပ် (၁၀၀) သိန်း၊

• လှုမှုကွန်ရက်မှအများပြည်သူများက ငွေကျပ် (၂၀၈) သိန်း၊

• ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၇/၂၀၁၆) သင်တန်းသား/သင်တန်းသူများက ငွေကျပ် (၁၁) သိန်း၊
• ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်မှု အမှတ်စဉ် (၁/၂၀၁၈) အုပ်စု(၁) တန်းခွဲ (၂) သင်တန်းသား/သင်တန်းသူများက ငွေကျပ် (၅) သိန်း (၅) သောင်း၊

• ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်လေးညိုနှင့် ဝန်ထမ်းများက ငွေကျပ် (၁) သိန်း (၃) သောင်း တို့ကို လှူဒါန်းခဲ့ပါသည်။

More Tags