ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ လာရောက်

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးရန် မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် (၁၂) ဦးပါဝင်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai နှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုတွေ့ဆုံခဲ့ပါသည်။


 

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ၎င်းတို့နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းသွားမည့် တရုတ်ယွမ်ငွေ (၄,၃၃၇,၃၃၄.၂၅) တန်ဖိုးရှိ ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ ဓာတ်ခွဲကိရိယာများ၊ စက်ပစ္စည်းများကို ကြည့်ရှုခဲ့ပါသည်။


 

   "ဆွေမျိုးပေါက်ဖော်မေတ္တာနက်ရှိုင်း၍ အပြန်အလှန်ကူညီဖေးမပေး၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ လက်တွဲတိုက်ဖျက်၊ အခက်အခဲအတူရင်ဆိုင်ကျော်လွှား" ဆောင်ပုဒ်ဖြင့် ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အဖွဲ့တွင် Yunnan Administration of Traditional Chinese Medicine မှ စီမံအုပ်ချုပ်သူ၊ The First Affiliated Hospital of Kunming Medical University မှ ရင်ခေါင်းနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာအထူးကုဆရာဝန်၊ ကူးစက်ရောဂါအထူးကုဆရာဝန်၊ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးအထူးကုဆရာဝန်၊ ကျန်းမာရေးစီမံခန့်ခွဲမှုအရာရှိ၊ အကြီးတန်း သူနာပြု၊ Yunnan Center for Disease Control and Prevention မှ ကပ်ရောဂါဗေဒပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များနှင့် Yunnan Provincial Hospital of Traditional Chinese Medicine မှ တရုတ်တိုင်းရင်းဆေးပညာရှင် တို့ပါဝင်ပြီး မြန်မာနိုင်ငံတွင် (၁၅) ရက်တာ နေထိုင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးခြင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အတွေ့အကြုံများဝေမျှခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


 

အဆိုပါ ဆေးပညာရှင်များအဖွဲ့သည်၎င်းတို့လုပ်ငန်းဆောင်ရွက်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့ပါသည်။

More Tags