𝟐𝟎𝟏𝟗 𝐍𝐨𝐯𝐞𝐥 𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) ကျင်းပ (7-2-2020, 9:00 AM)

𝐔𝐧𝐢𝐨𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐞𝐫 𝐃𝐫. 𝐌𝐲𝐢𝐧𝐭𝐇𝐭𝐰𝐞 𝐚𝐭𝐭𝐞𝐧𝐝𝐬 𝐭𝐡𝐞 𝐜𝐞𝐧𝐭𝐫𝐚𝐥 𝐥𝐞𝐯𝐞𝐥 𝐝𝐚𝐢𝐥𝐲 𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐦𝐞𝐞𝐭𝐢𝐧𝐠 (𝟏𝟏/𝟐𝟎𝟐𝟎) 𝐨𝐧 𝐩𝐫𝐞𝐩𝐚𝐫𝐞𝐝𝐧𝐞𝐬𝐬 𝐟𝐨𝐫 𝐝𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞 𝐭𝐨 𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၇) ရက်၊ နံနက် (၉) နာရီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊နေပြည်တော်၌ ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် -
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၆-၂-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်များအရယခုဖြစ်ပွားနေသော 2019-nCoV လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွား ပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ရက်ဆက် ပိုမိုမြင့်မားနေပါကြောင်း၊

• ကမ္ဘာတစ်ဝန်းတွင် ရောဂါဖြစ်ပွားသူပေါင်း (၂၈,၂၇၆) ဦးရှိပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (၂၈,၀၆၀) ဦးဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုရောဂါဖြစ်ပွားသူ (၁၀၀) ဦးလှျင် (၂) ဦးခန့် သေဆုံးသည်ကိုတွေ့ရှိရပြီး ဤရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အဆိုပါသေဆုံးမှု ရာနှုန်းမှာပြောင်းလဲမှုမရှိသေးသည်ကိုတွေ့ရှိရသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကုသမှုအပိုင်း၌ ကောင်းမွန်နေသည်ဟုယူဆ၍ရပါကြောင်း၊

• နိုင်ငံခြားသားခရီးသည် (tourist) များဝင်ထွက်သွားလာမှုများပြားသောအိမ်နီးချင်းနိုင်ငံများတွင် ရောဂါကူးစက်ပျံ့နှံ့မှုများရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊


• ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ (၆-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာသောလေယာဉ် (၆)စီးမှ ခရီးသည် (၃၃၄) ဦးဝင်ရောက်လာသည်ကိုသိရှိရသဖြင့် ဤခရီးသည်များတည်းခိုနေထိုင်သည့် ဟိုတယ်၊ တည်းခိုခန်းများသို့ ရောဂါစောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းများကိုအားဖြည့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ထိုသို့ပြုလုပ်ခြင်းမှာ၎င်းတို့ ပြည်တွင်းသို့ ဝင်ရောက်လာခဲ့စဉ်ကဖျားနာခြင်းမရှိဘဲရောဂါပျိုးချိန်ကာလအတွင်းရှိနေနိုင်သောကြောင့်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြားနှစ်နိုင်ငံနယ်မြေခြင်းထိစပ်မှုမှာ (၁,၃၀၀) မိုင်ခန့် ရှည်လျားပြီးကုန်းလမ်းကြောင်းများရှိတရားဝင် ဝင်၊ ထွက်ပေါက်များအပြင် တရားမဝင် ဝင်ထွက်ပေါက်များမှပါ ဝင်ရောက် နေမှုများရှိနေသည့် အချက်သည် မိမိတို့နိုင်ငံအတွက် အထူးအရေးကြီးသည့်အချက် ဖြစ်သည့်အတွက် ဝင်ရောက်လာသည့် ခရီးသည်ဦးရေနှင့် ရောဂါဖြစ်ပွားမှုအခြေအနေကိုအမြဲစောင့်ကြပ် ကြည့်ရှုသုံးသပ်ရမည် ဖြစ်ပါကြောင်း၊

• တရားဝင် ဝင်၊ ထွက်ပေါက်များ၌ မိမိတို့ဝန်ထမ်းများသည် နှီးနွှယ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများနှင့် အညီရောဂါစောင့်ကြပ်ကြည့်ရှုနေပါကြောင်း၊

• အဆိုပါနေရာဒေသများရှိရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများတွင် နယ်စပ်ဒေသများ၌ လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGOs) ၏ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍသည်အရေးကြီးပါကြောင်း၊


• အဆိုပါ အဖွဲ့အစည်းများထံသို့ ၎င်းတို့ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ယနေ့ပင် ချက်ချင်းအကြောင်းကြားပေါင်းစပ်ညှိနှိုင်းရမည်ဖြစ်ပါကြောင်း၊

• ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိသောပံ့ပိုးမှုများကိုအမြန်ဆုံးစိစစ်သုံးသပ်၍ ဆက်လက်လိုအပ်မည့် ဆေး၊ ဆေးပစ္စည်းကိရိယာနှင့် ဓာတ်ခွဲပစ္စည်းများအချိန်မီရရှိစေရေးအတွက် အထူးအားထုတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ ကတိကဝတ်ပြုထားသည့် အချက်များကို မြန်ဆန်စွာ အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• WHO Health Cluster အစည်းအဝေးမှ အကြံပြုချက်များ၊ ပံ့ပိုးပေးရန် ကတိပေးကမ်းလှမ်းချက်များအမြန်ဆုံးရရှိဖြစ်မြောက်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုပြီးဖြစ်သည့် တရုတ်ဘာသာဖြင့်ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သူများ တည်းခိုရာ၊ နေထိုင်ရာနေရာများနှင့် ရပ်ကွက်များတွင်ချက်ချင်းဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများမှ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွန်ခဲ့သော (၁၄) ရက်အတွင်းသွားရောက်ခဲ့ပြီး သံသယရောဂါလက္ခဏာရှိသူများနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ခြင်းများကို ကျန်းမာရေးအဖွဲ့များက နယ်မြေခံအာဏာပိုင်များနှင့် ကွင်းဆင်းစစ်ဆေးခဲ့မှုများကို တွေ့ရှိရသည့်အချက်သည် ကောင်းမွန်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ ကိုအရှိန်အဟုန် လုံးဝလျှော့ချ၍မရပါကြောင်း၊


• ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့မှုကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများအားသတင်းထုတ်ပြန် အသိပေးရမည်ဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများလုပ်ကိုင်လျက်ရှိသောရန်ကုန်နှင့် မြို့ကြီးများရှိစက်မှုဇုန်များ၊အလုပ်ရုံနှင့် စက်ရုံများတွင်လည်းမြန်မာနှင့် တရုတ်ဘာသာကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေနေမှုများကိုပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသူများတွင် Health Declaration Card အားပြည့်စုံစွာဖြည့်စွက်ထားရှိမှုမရှိပါကပြည်တွင်းသို့ လုံးဝဝင်ရောက်ခွင့်မပြုရန်မှာ အရေးကြီးပါကြောင်း၊ အဆိုပါ Health Declaration Card တွင် ၎င်းတို့ နေထိုင်တည်းခိုမည့် ဆက်သွယ်ဖုန်းနံပါတ်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရန် အရေးကြီးသည့်အချက်များပါရှိသည့် အတွက် ထိုသို့ဖြည့်သွင်းရန်မှုမှာအရေးကြီးပါကြောင်း၊

• ယခုကာလအတွင်းတွင် မိမိတို့နိုင်ငံမှ ရောဂါဖြစ်ပွားမှုများပြားနေသေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခြင်းများတတ်နိုင်သမျှလျှော့ချခြင်း၊ ဖြစ်နိုင်ပါက မသွားရောက် ခြင်းတို့ကိုပြုလုပ်မှသာလျှင်ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊

• မိမိတို့၏ ဆေးဘက်ဆိုင်ရာပါမောက္ခများပူးပေါင်းကာနိုင်ငံတကာမှ နောက်ဆုံးတွေ့ရှိချက် ကုထုံးများထည့်သွင်းရေးဆွဲထားသည့် ရောဂါကုသမှုလမ်းညွှန် (updated clinical management guideline)ကိုယနေ့ပင် ဖြန့်ဝေပြီးဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ နေပြည်တော်၌ နေ့စဉ် လုပ်ငန်းဆန်းစစ်သုံးသပ်မှု၊ ဆွေးနွေးတိုင်ပင် အကြံပြုမှုများဆောင်ရွက်နေရာတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)နှင့် အခြေခံကျန်းမာရေး တက္ကသိုလ် (မကွေး) တို့မှ ဆရာ၊ ဆရာမအနည်းဆုံးနှစ်ဦးစီနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တစ်ဦးတို့ မပျက်မကွက် ပါဝင်တက်ရောက်ရမည်ဖြစ်ပါကြောင်း၊

• သို့မှသာလျှင် မိမိတို့အားလုံးသည် ဤရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်နိုင်ပြီးရောဂါ၏ရေရှည်ကာကွယ်မှုနှင့် ထိန်းချုပ်မှုများ၌ ထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊


• တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ လုပ်ငန်းကြီးကြပ်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ (teleconferencing) ပုံမှန်ဆောင်ရွက်လျက်ရှိသည်ကိုသိရှိရသဖြင့် ကောင်းမွန်သည့် အချက်တစ်ချက် ဖြစ်ပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းချိတ်ဆက်၍ အရှိန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ eHealth၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ကုသရေးစသည့် ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက -
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေး ရှုထောင့်မှ သုံးသပ်ချက်များ၊

• ဝန်ကြီးဌာနမှ သံသယလူနာများကိုအားထုတ်ကြိုးပမ်းရှာဖွေပြီး ရောဂါကာကွယ်ထိန်းချုပ်ဆောင်ရွက်မှုမဟာဗျူဟာ (Containment Strategy) ဖြင့်ဆောင်ရွက်နေမှု၊


• အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်ထွက်ပေါက်များမှ ဝင်ထွက်သွားလာမှုစာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုဆောင်ရွက်မှုအချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသောရောဂါစောင့်ကြပ်ကြည့်ရှုရေးဆောင်ရွက်နေမှုနှင့် သတင်းပေးပို့ နေမှုအခြေအနေများ၊

• ပြည်သူများမှ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားသည့်နိုင်ငံများမှ လာရောက်ခဲ့သည့် သံသယလူနာဟာအထင်ရှိသူများနှင့် ပတ်သက်၍ အကြောင်းကြားခဲ့ခြင်းများကို ကျန်းမာရေးအဖွဲ့များကနယ်မြေခံအာဏာပိုင်များနှင့် ကွင်းဆင်းစစ်ဆေးခဲ့မှုများ၊

• သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊

• ဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေများ၊

• ကောလဟလသတင်းမှားများကိုအချိန်နှင့် တစ်ပြေးညီစနစ်တကျ ပြန်လည် အသိပေးရှင်းလင်းနိုင်ရေးစသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက် အလက်များကိုတင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများဆောင်ရွက်ခဲ့ ပါသည်။

 

 

     အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealthကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

 

 

 

More Tags