ရှမ်းပြည်နယ်၊ အမှတ် (၆) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၏ “ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် H1N1 ကာကွယ်ဆေးထိုးနှံရန် ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသောအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဖြစ်ပါတယ်။

     ကျိုင်းတုံမြို့နယ်တွင် H1N1 ကာကွယ်ဆေးထိုးနှံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။

     H1N1 မှာ တစ်ကမ္ဘာလုံးတွင် အမြဲတမ်းဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးဖြစ်ပါတယ်။ အချို့နိုင်ငံများတွင် ကပ်ရောဂါအသွင်ဖြင့် ဖြစ်တတ်ပါတယ်။ ဖြစ်ပွားမှုများခြင်း၊ နည်းခြင်းမှာ-

     - ပြည်သူများ၏ကျန်းမာရေးအသိ (Health Literacy)

     - သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆောင်ရွက်မှု ပီပြင်မှုပေါ်မူတည် ပါတယ်။

    မိမိတို့အနေဖြင့် ထိန်းချုပ်ပုံ၊ ရောဂါဖြစ်ပွားမှုအခြေအနေ၊ သေဆုံးမှု၊ မဟာဗျူဟာ/ နည်းဗျူဟာ အစရှိသည့် ကနဦးသုံးသပ်ချက်များကို မိမိကိုယ်တိုင် (၁၃-၈-၂၀၁၇)ရက်နေ့တွင် ပထမအကြိမ်၊ (၁၃-၉-၂၀၁၇) ရက်နေ့တွင် ဒုတိယအကြိမ် ကြေးမုံ၊ မြန်မာ့အလင်း စသည့် နိုင်ငံပိုင် မီဒီယာများ၌ (၂)မျက်နှာအပြည့် ဖော်ပြခဲ့ပါတယ်။

      ယခုအခါ လွန်ခဲ့သော လလည်ခန့်မှစ၍ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။

      - မိမိတို့ ဝန်ထမ်းများ၏ စွမ်းဆောင်မှု

      - ပြည်သူများ၏ ကျန်းမာရေးအသိပညာရှိမှုများကို လည်း အထူး ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

    မီဒီယာများကိုလည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့များကိုလည်းကောင်း၊ လူမှုရေးအဖွဲ့အစည်းများကို လည်းကောင်း၊ ဆေးဝါးနှင့် ငွေကြေးများ ထောက်ပံ့ လှူဒါန်းသော တရုတ်၊ အိန္ဒိယ၊ တူရကီနှင့် အခြားပစ္စည်းများကို လှူဒါန်းကြသော ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်တွင်းဘဏ်များဖြစ်သော KBZ Bank, CB Bank အစရှိသည်တို့လည်း အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်းပြောကြားလိုပါတယ်။

    ယခု ကာကွယ်ဆေးထိုးလိုသည့် ကျိုင်းတုံကိစ္စနှင့်ပတ်သက်၍

     - ကာကွယ်ဆေးထိုးပြီး (၂)ပတ်ခန့်အကြာမျှသာ ရောဂါခုခံအား များစတင်ရရှိနိုင်ပါသည်။

     - ကျွမ်းကျင်မှုပိုင်းဆိုင်ရာ သုံးသပ်ချက်အရ ချမ်းသာသော နိုင်ငံများသည်လည်း အပြည့်အဝထိုးခြင်းမရှိပါ။

     - မြန်မာနိုင်ငံ၌လည်း ပုံမှန်အစီအစဉ်ဖြင့် မထိုးပါ။

     ကျိုင်းတုံမြို့နယ်၌ မထိုးသေးဟုဆိုသည်မှာ-

     - ဖြစ်ပွားမှုနည်းပါးခြင်း၊ သေဆုံးမှုမရှိခြင်း နှင့်လူဦးရေသိပ်သည်း မှု နည်းပါးခြင်း အစရှိသည့်အချက်များကြောင်းဖြစ်ပါတယ်။

     - ကျိုင်းတုံပြည်သူများ၏ ကာကွယ်ရေးလုပ်ငန်းများ (prevention measure) များကောင်းခြင်း၊

      National Immunization Techinal Advisor Group (NITAG) အစည်းအဝေးဆုံးဖြတ်ချက်ရ ပြည်နယ်/တိုင်းဒေသကြီး များ၌ ရောဂါအဖြစ်များပြီး ရောဂါကူးစက်ခံနိုင်ခြေများသည့် မြို့နယ် များတွင် နေထိုင်သည့် ဦးစားပေးအုပ်စုများဖြစ်သော-

    -  ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၁)နှစ် မှ (၃)နှစ် အရွယ် ကလေးများ၊ Camps များတွင်နေထိုင်သူများ၊

    -  ကျန်းမာရေးဝန်ထမ်းများ (High Risk Group)၊

    -  ဆေးရုံများသို့ သွားရောက်ရသော ဘွဲ့ကြို၊ ဘွဲ့လွန်ဆေးပညာ သင်တန်းသားများအားထိုးပေးနေပါတယ်။ (မထိုးလိုသူကို မထိုးပေးပါ)

     -  ကိုယ်ခံအားကျဆင်းလျက်ရှိသူများ (ဥပမာ- HIV/AIDS ကူးစက်ခံရသူများ)ကိုလည်း မထိုးပေးပါ။

      ယခုဖြစ်စဉ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်များမှ ပြင်းထန်အဆုတ်ရောင် ဆေးရုံတက်ရောက်ကုသရသူလူနာ (၁၄)ဦးရှိခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ ဓာတ်ခွဲစစ်ဆေးမှုများအရ ကျိုင်းတုံမြို့နယ်မှ H1N1 ပိုးတွေ့လူနာ (၂)ဦး၊ မိုင်းယောင်းမြို့နယ်မှ လူနာ(၁) ဦးနှင့် တာချီလိတ်မြို့နယ်မှ H3N2 ပိုးတွေ့လူနာ (၁)ဦးတွေ့ရှိရပြီး ကျန်သူများ တွင် ပိုးမတွေ့ရပါ။ လူနာများအားလုံး သက်သာကောင်းမွန်စွာဆေးရုံမှ ဆင်းခဲ့ရပြီး ရာသီတုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူလူနာမရှိပါ။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွက် လှူဒါန်းမှုမှရရှိသော ကာကွယ်ဆေးခွဲတမ်းများအနက်မှ ရောဂါဖြစ်ပွား/ သေဆုံးမှုရှိသော မြို့နယ်များမှ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် အသက် (၁) နှစ်မှ (၃) နှစ်အတွင်းရှိ ကလေးငယ်များ ဦးစားပေးအုပ်စုအတွက် အိန္ဒိယနိုင်ငံမှလှူဒါန်းသော Vaxigrip အမျိုးအစားကာကွယ်ဆေးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော Shipulier အမျိုးအစားကာကွယ်ဆေးများကို ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၏ အစီအစဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကုန် နောက်ဆုံးထား၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

 
 

More Tags