ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း၊ ဗဟိုအလုပ်အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည်အလုပ်အမှုဆောင်များနှင့် တွေ့ဆုံခြင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဗဟိုအဖွဲ့ အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ ဥက္ကဋ္ဌများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ ဥက္ကဋ္ဌ၊ ဒေါက်တာထင်ပေါ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အထက်မြန်မာပြည်အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည်အလုပ်အမှုဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။


 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နေသကဲ့သို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီ စနစ်တကျတည်ထောင်ဖွင့်လှစ်နိုင်ရေး အတွက် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှလည်း အားဖြည့်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေးအာမခံစနစ်ပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်နေဆဲကာလ၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအနေဖြင့် နည်းမှန်လမ်းမှန်ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးစနစ်တွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေခြင်းဖြစ်သဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ တူညီ သော ဦးတည်ချက်တစ်ခုဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံများတွင် ကျောက်ကပ်အစားထိုးကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ငန်းများ၊ ကင်ဆာဓာတ်ရောင်ခြည်ကုသမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ကြီးကြပ်အားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကင်ဆာဓာတ်ရောင်ခြည်ကုသမှု စောင့်ဆိုင်းလူနာလျော့နည်းစေရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊


 

ပြည်သူများအနေဖြင့် ပြည်ပသို့ သွားရောက်ဆေးကုသခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ကျန်းမာရေးအသုံးစရိတ် လျော့နည်းစေရေးအတွက် ပြည်သူ့ဆေးရုံများ၌ သာမက ပုဂ္ဂလိကဆေးရုံများကလည်း နိုင်ငံတကာအဆင့်မီရေး မြှင့်တင်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အရေးကြီး၊ မရှိမဖြစ်ဆေးဝါးများ စျေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး၊ ဆေးဝါးများစျေးနှုန်းတည်ငြိမ်မှုရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက ကဏ္ဍမှလည်းဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆေးဝါးစက်ရုံမှ ဆေးဝါးများထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်တွင်း ပုဂ္ဂလိကဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်းရှင်များကလည်း ဆေးဝါးများထုတ်လုပ်နေသည့်အတွက် ပြည်တွင်း၌ ထုတ်လုပ်သည့် ဆေးဝါးများကို အဓိကထားဝယ်ယူစေလိုပါကြောင်း၊ တရားမဝင်ဖွင့်လှစ်ထားသည့် အလှအပဆိုင်ရာဆေးခန်းများကြောင့် ပြည်သူလူထုဆုံးရှုံးနစ်နာမှုများရှိနေသည်ကို တွေ့ရှိရသည့် အတွက် စိစစ်အရေးယူမှုများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင်ခွင့်ပြုရန်အတွက် စိစစ်ရာတွင် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူနာများဘေးကင်းလုံခြုံမှု၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှု၊ အခြားဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိမှု၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်အညီ ပြည့်စုံစွာ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ တို့ကို အထူးအလေးထားစိစစ်လျက်ရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီပါက အချိန်နှင့်တစ်ပြေးညီ လုပ်ငန်းလိုင်စင်များ ခွင့်ပြုချထားပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ထို့နောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းအဖွဲ့ဝင်များက ပြည်ပနိုင်ငံများသို့ ပေးပို့စစ်ဆေးနေရသည့် ရောဂါရှာဖွေ စစ်ဆေးမှုများနှင့် သွားရောက်ဆေးကုသမှုများ လျော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများ၊ ဆေးကုသမှုလိုင်စင်ကိစ္စရပ်များနှင့် ဆေးရုံလိုင်စင်လျှောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိကဆေးရုံများတွင် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပုဂ္ဂလိကကျန်းမာရေးလူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ မေးမြန်းတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် ကောင်စီဥက္ကဋ္ဌများက ပြန်လည်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြပါသည်။


 

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းလမ်းညွှန်ချက်များ မှာကြားပြီးနောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့်  ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး ဆေးရုံအုပ်ကြီးတို့က ဆေးကုသဆောင်များ တိုးချဲ့ဖွင့်လှစ်သွားမည့်အစီအစဉ်များ၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးနှင့် ပူးပေါင်း၍ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ သင်ကြားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags