အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်းအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ Video Message ပေးပို့၍ အမှာစကားပြောကြားခြင်း

နေပြည်တော်၊ မတ်လ (၁၈)

     အာဟာရချို့တဲ့မှုများပပျောက်ရေး အာဆီယံခေါင်းဆောင်များ ကြေငြာချက်အား အကောင်အထည် ဖော်ရန်အတွက် ပြုစုရေးဆွဲထားသည့် အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ Video Message ပေးပို့၍ အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးမှ Video Message အဖွင့် အမှာစကားပြောကြားပြီး UNICEF အဖွဲ့မှ EAPRO Regional Director မှ အကြိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

     ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများမှလည်း အမှာစကားများအား Video Message ဖြင့် အသီးသီးပြောကြားကြရာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းအတွက် အာဆီယံကျန်းမာရေးအစုအဖွဲ့-၁ အား ဂုဏ်ပြုပါကြောင်း၊ ၎င်းလမ်းညွှန်ချက်များအား အကောင်အထည်ဖော်ရန်နှင့် အာဆီယံ ဒေသတွင်းရှိ ကလေးငယ်များ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ရွေးချယ်မှုများ ရရှိစေရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် ပတ်ဝန်းကျင်ဖန်တီးရာတွင် ကြိုးပမ်းအားထုတ်မှုများကိုလည်း ထောက်ခံပါကြောင်း၊ အာဟာရပိုင်းဆိုင်ရာ အာဆီယံ မဟာဗျူဟာမူဘောင်နှင့် ဆောင်ရွက်မှုအစီအစဉ်တွင် နောင်လာမည့် လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများထုတ်ပြန်နိုင်ရေး မျှော်လင့်ပါကြောင်းနှင့် အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှု များပပျောက်ရေး အာဟာရပိုင်းဆိုင်ရာ အခြားသောသက်ဆိုင်သည့်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

 

     ထို့နောက် အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ အသုံးပြုနိုင်ရေးကိစ္စရပ်များအား ဘာသာရပ်ဆိုင်ရာပညာရှင်များမှ ဆွေးနွေးပြောကြားကြပါသည်။

     အဆိုပါ အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများမှ Video Message အမှာစကားပြောကြားခြင်းနှင့် တာဝန်ရှိသူများ၊ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးပြောကြားကြပါသည်။

More Tags