ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် (7-5-2023)

နေပြည်တော်၊ (၂၀၂၃) ခုနှစ်၊ မေလ (၇) ရက်နေ့

     ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၂၀၂၃) ခုနှစ်၊ မေလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) ၌ Hybrid စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်-

• ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအား တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ကျေးလက်အဆင့်အထိရောက်ရှိကာ ကျန်းမာရေးကဏ္ဍဆိုင်ရာ အသင့်ဖြစ်မှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းဖြစ်ပြီး ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက လမ်းညွှန်မှာကြား ခဲ့သည်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ထပ်ဆင့်မှာကြားလိုခြင်း ဖြစ်ပါကြောင်း၊

• နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘေးအန္တရာယ်များကြောင့် ပြည်သူများတွင် ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး (၂၇-၄-၂၀၂၃) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအစည်းအဝေးကို အခြားဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ကော်မတီ အဖွဲ့ဝင်များ ပါဝင်တက်ရောက်၍လည်းကောင်း၊ (၅-၅-၂၀၂၃) ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ ပါဝင်တက်ရောက်၍လည်းကောင်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊

• လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များတွင်ပါဝင်သည့် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကဏ္ဍများမှ လုပ်ငန်းစဉ်များနှင့် အညီ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်အဆင့်အထိ အကောင်အထည်ဖော် ကြရမည် ဖြစ်ပါကြောင်း၊

• ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာဆောင်ရွက်ထားနိုင်ပါက ထိခိုက်ဆုံးရှုံးမှုများကို သိသာစွာလျှော့ချနိုင်ပါကြောင်း၊ လူ့အသက်များစွာကို ကယ်တင်ရန် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဆုံးရှုံးခြင်း မရှိစေရန် ဆောင်ရွက်ခြင်းဖြစ်၍ လုပ်ငန်းများကို ပေါ့ဆခြင်း၊ လစ်ဟင်းခြင်းမရှိရန် သတိပြုကာ အင်တိုက်အားတိုက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• သို့ဖြစ်ပါ၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် အချိန်မီဆောင်ရွက် ထားရှိရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ အနေဖြင့် အဆင့်ဆင့် အနီးကပ်ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ယခုဖြစ်ပွားနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ မုန်တိုင်းဘေးအန္တရာယ် ကျရောက် နိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်များသာမက ဘေးကျရောက်နိုင်ခြေနည်းသော တိုင်းဒေသကြီး/ ပြည်နယ်များကပါ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအားဆောင်ရွက်ထားရှိရန်နှင့် လိုအပ်ပါက ဒေသတစ်ခုမှ တစ်ခုသို့အရင်းအမြစ်များကို အချိန်မီရွှေ့ပြောင်းနိုင်ရေး ကြိုတင် စီစဉ်ထားရန်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများအနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ကြိုတင်ညှိနှိုင်းကာ ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီး ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျော ရောဂါအပါအဝင် ရေမှတစ်ဆင့်ကူးစက်သော ရောဂါများဖြစ်ပွားမှုမရှိစေရန် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ အတွက် လိုအပ်သော သောက်သုံးရေသန့်များကြိုတင်စုဆောင်းထားရှိခြင်း၊ ရေသန့်ဆေးမှုန့်နှင့် ဆေးပြားများ၊ အရေးပေါ်အခြေအနေတွင်အသုံးပြုနိုင်မည့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများအား ကြိုတင်စုဆောင်းထားရမည်ဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ အချိန်မီဖြန့်ဝေ ပေးနိုင်ရန်နှင့် ကျန်းမာရေးအသိပညာပေးမှု လုပ်ငန်းများကိုလည်း ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊

• သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် နေရာဒေသများတွင် လိုအပ်နိုင်သည့် ဆေးနှင့် ပစ္စည်းကိရိယာများ၊ Disaster Medical Kit (အရေးပေါ်သုံးဆေးသေတ္တာ) များ၊ Family Kit (မိသားစုသုံးပစ္စည်း) များ၊ Clean Delivery Kit (မီးဖွားရန်အတွက်ပစ္စည်း) များနှင့် Dignity Kit (အမျိုးသမီးသုံးပစ္စည်း) များအား ကျေးလက်ကျန်းမာရေးဌာနခွဲများအရောက် ကြိုတင်ဖြန့်ဝေ ထားရှိရမည် ဖြစ်ပါကြောင်း၊

• ဆေးရုံများ၊ ကျန်းမာရေးဌာနများတွင် အဆောက်အအုံများ၊ ဆေးနှင့်ကိရိယာပစ္စည်းများ ထိခိုက် ပျက်စီးမှုနည်းပါးစေရေးအတွက် အစီအစဉ်များချမှတ်ကာ ကြိုတင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊

 

• ဆေးရုံများတွင် အရေးပေါ်ခွဲစိတ်ကုသမှု၊ မွေးဖွားမှုအပါအဝင် ကုသမှုလုပ်ငန်းများ နှောင့်နှေး ပျက်ကွက်ခြင်းမရှိစေရန် အစီအစဉ်များချမှတ်ကာ ဆောင်ရွက်ထားခြင်းနှင့် လိုအပ်သည့် အရေးပေါ် ဆေးအဖွဲ့များကို ကြိုတင်ဖွဲ့စည်းပြီးအသင့်အနေအထားဖြစ်စေရန် ဆောင်ရွက်ထားရှိ ရမည်ဖြစ်ပါကြောင်း၊

• အရေးပေါ် လူနာလွှဲပြောင်းရန် လမ်းကြောင်းများကိုလည်း နှီးနွှယ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊

• ဘေးအန္တရာယ်ကျရောက်ပြီးဖြစ်လာနိုင်သည့် လျှပ်စစ်မီးပြတ်တောက်မှုများအတွက် ကာကွယ်ဆေး သိုလှောင်ရုံများတွင် အသင့်အနေအထားလုပ်ဆောင်ထားရမည်ဖြစ်ပါကြောင်း၊

• အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နိုင်ရန် ရန်ပုံငွေများ၊ ရေသန့် ဆေးပြားများ၊ ကလိုရင်းဆေးမှုန့်များ၊ အရေးပေါ်သုံးဆေးသေတ္တာများ ထပ်မံခွဲဝေချထားသည် ဖြစ်ရာ စနစ်တကျအကျိုးရှိရှိ အသုံးပြု၍ အခြားလိုအပ်ချက် ရှိသည့်နေရာများသို့ လိုအပ်သလို ထပ်မံခွဲဝေပေးရန် ဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်ချက်များရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံရန် ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် တပ်မတော် ဆေးတပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာများအားလည်း ဖွင့်လှစ် (activate) ထားရှိပြီး ဖြစ်ရာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက -

• ကျန်းမာရေးဝန်ကြီးဌာန၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များကိုလည်း ကြိုတင်ဖွဲ့စည်း ထားပြီးဖြစ်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ကြိုတင် သတိပေးချက် သတင်းများနှင့်အညီ ဘေးအန္တရာယ်ကျရောက်နိုင်သည့် နေရာဒေသများသို့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ ကြိုတင်စေလွှတ်ကာ ဖြန့်ကြက်ထားရမည် ဖြစ်ပါကြောင်း၊

• ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်အား တာဝန်ကိုယ်စီခွဲဝေပေးထားပြီး ကိုယ်စီကိုယ်ငှ တာဝန်များအား သိရှိဆောင်ရွက်ကြရန် ကြီးကြပ်ကွပ်ကဲကြရမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများက ဦးစီးဌာနအလိုက်ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်နှင့် ဆေးရုံအလိုက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ၊ အရေးပေါ်စီမံချက်များ ရေးဆွဲထားမှုအခြေအနေ၊ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ ကွပ်ကဲမှုစင်တာများဖွင့်လှစ်ထားရှိသည့် အခြေအနေများ၊ အရေးပေါ်ဆေးဝါးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်နေမှုနှင့် နှီးနွှယ်ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ အား အသေးစိတ်ရှင်းလင်း တင်ပြ ခဲ့ကြပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ (၄) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags