NOW LOADING

(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီ (၁၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီ (၁၇)ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (Myanmar Health Sector Coordination Committee, M-HSCC) အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများပြားသဖြင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုတို့မှာ လွန်စွာ အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ INGO/Local NGO များ၏ လုပ်ငန်းအမျိုးအစားအလိုက်၊ ဆောင်ရွက်လျက်ရှိသော နေရာဒေသ အလိုက် စာရင်းပြုစုထားသော Health Partner”s Profile ကို (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊

• အဆိုပါစာအုပ် ပိုမိုပြည့်စုံစေရန်နှင့် နောက်ဆုံးသတင်းအချက်အလက်များပါဝင်စေရန်အတွက် အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ စီမံချက်များသို့ မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းအကြောင်းအရာများကို (၆)လတစ်ကြိမ် တင်ပြကာ မွမ်းမံသွားရန်လိုအပ်ကြောင်း၊

• ကျန်းမာရေး စီမံချက်မန်နေဂျာများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ဆောင်နေသော အဓိကသော့ချက်လုပ်ငန်းနေရာ (key area) များအား (checklist) များဖြင့် ကြီးကြပ်ဆောင်ရွက်သွားကာ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ (၁၃)ကြိမ်မြောက် M-HSCC အစည်းအဝေးပြီးနောက် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများကို အကျဉ်းချုံးပြောကြားလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ Mobile Tablets (၁၀ဝ၀ဝ)ကျော်အား ဖြန့်ဝေထားပြီး ၎င်းတို့ကို အသုံးပြု၍ ဆေးနှင့်ဆေးပစ္စည်းကိရိယာ စီမံခန့်ခွဲမှုများလည်း ဆောင်ရွက်ခြင်းဖြင့် သက်တမ်းလွန်ဆေးဝါးများ မရှိအောင်လည်း စီမံနိုင်ခြင်း၊ လုပ်ငန်းလမ်းညွှန်များ ဖြန့်ဝေနိုင်ခြင်း၊ စစ်တမ်းကောက်ယူခြင်းတို့အပြင် ကူးစက်မြန်ရောဂါများ ဖြစ်ပွားမှုမျိုးရှိပါက အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းဖြင့် အချိန်တိုအတွင်း ရောဂါဖြစ်ပွားမှုအား တားဆီးနှိမ်နင်းနိုင်မည်ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်တွင် ရေချိုခရုမှတဆင့်ကူးစက်တတ်သော သန်ပြားကောင်ရောဂါ (Schistosomiasis) ဖြစ်ပွားမှုတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးနှင့် ဓာတ်ခွဲစမ်းသပ် ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိပြီး INGO/ Local NGO အဖွဲ့အစည်းများအနေဖြင့်လည်း ရောဂါကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း၊

• စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS -2) ကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များအားလုံးနှင့် ဝန်ကြီးဌာနမှ ဆေးရုံ (၅၈၅) ခုတွင် အသုံးပြုခြင်း အပါအဝင် ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို တိုးချဲ့အသုံးပြုလျက်ရှိပါကြောင်း၊

• အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံကြီးအား The Nippon Foundation နှင့် ပူးပေါင်း၍ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး ရောဂါကင်းစင်ပပျောက်ရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

• တိုင်းရင်းဆေးပညာရပ်များကို ပိုမိုတိုးတက်ကောင်းမွန်စေရေးရည်ရွယ်၍ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကြီးကိုလည်း ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပနိုင်ခဲ့ပါကြောင်း၊

• ကင်ဆာရောဂါဝေဒနာခံစားနေရသော ဝေဒနာရှင်များအား ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကုသမှုများ ပေးနိုင်ရန်အတွက် ကင်ဆာကုသဆောင်သစ် (၅)ထပ် အဆောက်အဦအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံချမှတ်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊

• အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခေတ်မီအိုင်စီတီနည်းပညာသုံး အွန်လိုင်း ရက်ချိန် ကြိုတင်လျှောက်ထားမှုစနစ်နအားစတင်အသုံးပြုနေပြီဖြစ်သဖြင့် အလှကုန်ပစ္စည်းများနှင့် ဆေးပစ္စည်းများ ထုတ်လုပ် တင်သွင်းရောင်းချသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ

ပိုမိုလွယ်ကူမြန်ဆန် တိကျလာ မည်ဖြစ်ပါကြောင်း၊

• (၄၇)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးအား (၂၀၁၉)ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပပြု လုပ်ခဲ့ပြီး အဆင့်မြင့်မားသည့် သုတေသနစာတမ်းပေါင်းများစွာကို ဖတ်ကြားနိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လက်တွေ့အသုံးချသုတေသန လုပ်ငန်းများ ပိုမိုဆောင်ရွက်ရန် (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်တွင် ကျပ်သန်း(၁၅၀ဝ)အား ခွင့်ပြုချထား ပါကြောင်း၊

• မျက်ခမ်းစပ်ရောဂါ၊ ခုခံကျ HIV/AIDS ရောဂါနှင့် တီဘီရောဂါစသည့် ကူးစက်တတ်သော ရောဂါများ ကာကယ်တားဆီးနှိမ်နင်းရေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးကျန်းမာရေး၊ ရှေးဦးအရွယ် ကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရေးကိစ္စများကို တွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊

• လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လူမှုအဖွဲ့အစည်းများ၊ INGO/NGO များအနေဖြင့် အကြံပြုချက်များ ပေးအပ်ကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ကျန်းမာရေး ဘဏ္ဍာငွေ စာရင်းအင်း (Myanmar National Health Accounts) စာအုပ်ကိုလည်း အသစ်ပြုစုထုတ်ဝေသွားရန် ဖြစ်ပါကြောင်း၊

• သက်ဆိုင်ရာစီမံချက်အလိုက် ပြုလုပ်ခဲ့သော နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ခြင်း အစည်းအဝေး များမှ အကြံပြုဆွေးနွေးချက်များဖြင့် စီမံချက်အား ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊

• ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကဏ္ဍများ အကျိုးရှိထိရောက်မှု အခြေအနေများကို ဆန်းစစ်ရာတွင် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ အဖွဲ့အစည်းများအား ပူပေါင်းပါဝင်စေရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး (အခြေခံကျန်းမာ) ဒေါက်တာသံလွင်ထွန်း က Community based health worker policy brief၊ ညွှန်ကြားရေးမှူး (သဘာဝဘေး) ဒေါက်တာခင်နန်းလုံ က Implementation of Health-related Recommendations of the Rakhine Committee၊ 3MDG အဖွဲ့က Updates on Access to Health Funds၊ ကမ္ဘာ့ဘဏ်က Second Tranche of World Bank Loan ၊ DFID အဖွဲ့က British Embassy Prosperity Fund on NCDs ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးရှင်းလင်း တင်ပြခဲ့ကြပြီး အစည်းအဝေးတက်ရောက်လာကြသူများကဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

 

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာမြင်မြင့်သန်း၊ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်နှင့် ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်တစ်ဦးက ထပ်ဆောင်းဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ M-HSCC အဖွဲ့ဝင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ UNICEF၊ ADB၊ DFID၊ MSI၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags