NOW LOADING

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း၏ (၃၇)ကြိမ်မြောက် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပေးပို့သည့် Message

Melia Hotel ၊ ရန်ကုန် (၁၃-၂-၂၀၁၈)

     “မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်အသင်း၏ (၃၇)ကြိမ်မြောက် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်ညီလာခံကို ကျွန်တော့်အနေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးလိုပါသော်လည်း လုပ်ငန်းလိုအပ်ချက် အရ အချိန်မီမတက်ရောက်နိုင်သည်ကို ခွင့်လွှတ်ပါရန် ဦးစွာအနူးအညွတ် တောင်းပန်အပ်ပါတယ်။

     ကြွရောက်လာကြသော လေးစားအပ်ပါသည့် သွားဘက်ဆိုင်ရာ ပညာရှင်များခင်ဗျား-

     ဒီညီလာခံမှာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိကြတဲ့ သွားနှင့်ခံတွင်းဆရာဝန်များ တွေ့ဆုံစည်းဝေးကြပြီး၊ မိမိတို့ သွားဘက်ဆိုင်ရာ ဆေးပညာလောကတိုးတက်ဖွံ့ဖြိုးရေး၊ မိမိတို့အချင်းချင်း ရိုင်းပင်းကူညီရေးတို့ အတွက် ဆွေးနွေးမှုတွေ၊ အကြံပြုမှုတွေ၊ ဆုံးဖြတ်မှုတွေ ပြုလုပ်ကြမယ့်အပြင် မိမိတို့ရဲ့နိုင်ငံ၊ မိမိတို့ရဲ့ပညာရည်တိုးတက်ဖို့နဲ့ ပြည်သူလူထုရဲ့ သွားနှင့်ခံတွင်းရောဂါဝေဒနာများကို နိုင်ငံတကာအဆင့်မီ ကုသနိုင် ကြဖို့အတွက် အထောက်အကူပြုမည့်အပြင် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေ၊ ပိုစတာပြပွဲတွေနဲ့ စည်စည်ကားကားပြုလုပ်သွားမှာကို သိရတဲ့အတွက် အင်မတန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

     ယခုနှစ်မှာ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန် ညီလာခံနဲ့အတူ ကမ္ဘာ့သွားနှင့်ခံတွင်းဆရာဝန်အသင်းမှ ကိုယ်စားလှယ်များရဲ့ ပညာရပ်ဆိုင်ရာ ပူးပေါင်းပါဝင်ဟောပြောမှုများလည်း ပါဝင်မယ်လို့ သိရှိရပါ သဖြင့် အထူးကျေနပ်အားရပါတယ်။

     သွားနှင့်ခံတွင်း ပြည်သူ့ကျန်းမာရေးနှင့် လူထုအတွင်း သွားနှင့်ခံတွင်း အသိပညာရရှိစေရေးအတွက် Dental Public Health and Dental Community Health ပညာရပ်များကိုလည်း ယခုထက်ပိုမို တိုးတက်အောင် ဆောင်ရွက်စေလိုပါတယ်။ သို့မှသာ ကျေးလက်နေပြည်သူများအထိ သွားနှင့်ခံတွင်းသန့်ရှင်းမှု (dental hygiene) ကို အလေးထားသော အမူအကျင့်များရရှိနိုင်ပြီး၊ နောက်ဆက်တွဲအနေနှင့် များစွာသော အကျိုးကျေးဇူးများကို ခံစားရမှာဖြစ်ပါတယ်။ လူဦးရေ ကိုးသန်းခန့်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအတွက် သွားနှင့်ခံတွင်းဆရာဝန်များက ယခုထက် ပိုမိုပြီးပံ့ပိုးပေးဖို့ မေတ္တာရပ်ပါတယ်။

     ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော သွားနှင့်ခံတွင်းဆရာဝန်များကို လုပ်ငန်းခွင်လေ့ကျင့်ပညာသင်ကြားပေးခြင်းလုပ်ငန်းများကို စနစ်တကျလုပ်ကိုင် ရာတွင် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်အသင်းက ပူးပေါင်း အားဖြည့်ပြီး သင်ခန်းစာများပို့ချသည်ကို တွေ့ရှိရပါသဖြင့် ကျေနပ်အားရမိပါတယ်။

     မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်အသင်းအနေဖြင့် အာဆီယံဒေသအတွင်းရှိ သွားဘက်ဆိုင်ရာအသင်းများ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသာမက၊ ကိုရီးယား၊ တရုတ်၊ ဂျပန်၊ စင်္ကာပူနိုင်ငံတို့ရှိ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်မှာ National Dental Association Presidents’ Forum ကို စတင် ပြုလုပ်နိုင်လာတာကိုလည်းတွေ့ရှိရတဲ့ အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

     နိုင်ငံတကာမှာ သွားနှင့်ခံတွင်းဆရာဝန်များအနေနဲ့ ပြည်သူများရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ကြရာမှာ လုပ်ငန်းသဘောသဘာဝအရ team work အနေဖြင့် စုစုစည်းစည်းဆောင်ရွက်ကြရတာ တွေ့ရှိရပါတယ်။

     ဒါ့ကြောင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်အသင်းအနေနဲ့ မိမိတို့ရဲ့ အသင်းဝင်ဆရာဝန်များသာမက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြတဲ့ သွားတုပညာရှင်၊ သွားကျန်းမာရေးသူနာပြုတွေကိုပါ စည်းရုံးပြီး၊ မိမိတို့ရဲ့ အသင်းအောက်မှာ စုစုစည်းစည်းနဲ့ ယနေ့ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ရဲ့ သက်ဆိုင်ရာကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာ ကြားလိုပါတယ်။

     နိဂုံးချုပ်အနေနဲ့ သွားနှင့်ခံတွင်းဆရာဝန်များသည် ကျင့်ဝတ်ဆိုင်ရာ လိုက်နာရမည့်အချက်များကို အစဉ်လေးစားလိုက်နာ၍ ကမ္ဘာကို ခြိမ်းခြောက်လျက်ရှိတဲ့ရောဂါဆိုးကြီးများအား ကျွန်ုပ်တို့ ပယောဂဖြင့် ကူးစက်ပြန့်ပွားခြင်း မရှိစေရန် တိကျသောအသိ သတိထားပြီး ကုသပေးခြင်း၊ တိုးတက်သော သွားနှင့်ခံတွင်းဆေးပညာများကို အသုံးချ၍ ပြည်သူလူထု၏ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် များတွင် စေတနာထားဆောင်ရွက်ပေးခြင်းဖြင့် စိန်ခေါ်မှုများကို ကျော်လွှား၍ အောင်မြင်မှုရယူရန် “Meeting the Needs : Ethically and Competently” ဆိုတဲ့ ယခုနှစ်ညီလာခံ မျှော်မှန်းချက်ကို ဖြည့်ဆည်း အားထုတ် ကြိုးပမ်းနိုင်ကြပါစေလို့မှာကြားအပ်ပါတယ်။

     အားလုံးကို ကျေးဇူးတင်ပါတယ်။”

More Tags