ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၁)မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးစိုးမိုး၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသောအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး - ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာ ပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဖြစ်ပါတယ်။

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာတိုက်နယ်ဆေးရုံကို (၂၅)ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း နှင့်ပတ်သက်၍ ပြန်လည် ဖြေကြားသွားမှာဖြစ်ပါတယ်-

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး(၁)ရုံ၊ (၂၅) ခုတင်ဆံ့ ငွေဆောင်ဆေးရုံ(၁)ရုံ၊ ချောင်းသာတိုက်နယ်ဆေးရုံ၊ သလပ်ခွာတိုက်နယ်ဆေးရုံ၊ ရွှေသောင်ယံတိုက်နယ်ဆေးရုံနှင့် မကျီးဇင်တိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ(၆)ရုံဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။ ချောင်းသာတိုက်နယ်ဆေးရုံသည် ခုတင်(၅၀၀)ဆံ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် (၃၆)မိုင် အကွာတွင်တည်ရှိပြီး၊ ကားလမ်းခရီးဖြင့် (၂)နာရီခန့် ဖြင့် သွားလာနိုင်ပါတယ်။

အကြောင်းအရာ

၂၀၁၃

၂၀၁၄

၂၀၁၅

၂၀၁၆

၂၀၁၇

ဇန်-ဇွန်

၅ နှစ်စာ

ပျမ်းမျှ

တနေ့ပျမ်းမျှ

အတွင်းလူနာ

၁၀

၁၅

၁၆

၁၄

၁၂ ဦး

ခွင့်ပြုခုတင်

အသုံးပြုမှုရာခိုင်နှုန်း

၅၁

၅၈

၉၄

၉၅

၈၅

၇၆.၆%


     ဆေးရုံခွင့်ပြုခုတင်အသုံးချမှုရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄/၂၀၁၆)မှ ဆုံးဖြတ်ချက်ဖြစ်သော ခုတင်အဆင့်မြှင့်တင်ရန် ခွင့်ပြုခုတင်အသုံးချမှု ရာခိုင်နှုန်းအနည်းဆုံး (၁၅၀)ရှိရမည့်အချက် နှင့်ပတ်သက်၍ ပြည့်မီရန် လိုအပ်လျက်ရှိသေးကြောင်း စိစစ်တွေ့ရှိရ ပါတယ်။

     သို့ဖြစ်ပါ၍ ချောင်းသာတိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဝန်ထမ်းများခန့်ထားပေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများဖြည့်ဆည်းပေးခြင်း၊ လက်ရှိအဆောက်အဦးများ ပြင်ဆင်ရန်အတွက် လိုအပ်သော ရန်ပုံငွေခွဲဝေချထားပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags