အမျိုးသားလွှတ်တော်၊ ဒုတိယအကြိမ်၊ ပဉ္စမပုံမှန် အစည်းအဝေး (၁၈-၅-၂၀၁၇)ပထမနေ့၊ ဖြေကြားချက်

ဖြေကြားချက်
အချိန်၊ ၁၀း၃၀

        ဒေါက်တာမြင့်ထွေး (ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)
   လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်းစားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်၊ စကု-မကျဉ်း တိုက်နယ်၊ စကုကျွန်း၊ မြို့နယ်ကုသရေးဌာနလက်အောက်ရှိ စကု-တိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဆရာဝန်နေရာ၌ အမြဲတမ်းတာဝန်ထမ်းဆောင်နိုင်ရန် ဆရာဝန် (၁) ဦး အမြန်ဆုံးခန့်ထားပေးရန်အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ ကြယ်ပွင့် ပြမေးခွန်းကို ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အတွင်းမှာပင် တိုက်နယ်ဆေးရုံ (၄၇) ရုံရှိပါတယ်။ အဲဒီ (၄၇) ရုံအတွင်းမှာပင် ကျွန်တော်တို့ (၁၅)ရုံမှာပင်လျှင် အမြဲတမ်းဆရာဝန်များ ခန့်ထားနိုင်ခြင်းမရှိဘဲ အလှည့်ကျဆရာဝန်များသာ ဆောင်ရွက်လျက်ရှိပါတယ်။ စကု-တိုက်နယ်ဆေးရုံ၊ ရမ်းဗြဲကျွန်းမြို့နယ်တွင် လူဦးရေ (၄၀၀၀) ကျော်ကိုသာ ကုသမှုပေးရသောဆေးရုံဖြစ်ပြီး ဆေးရုံခုတင်အသုံးပြုမှုမှာတော့ ပျှမ်းမျှ (၅) ရာခိုင်နှုန်းခန့်သာရှိပြီး ခွင့်ပြုဝန်ထမ်း (၁၉) ဦးတွင် (၁၂) ဦးဖြင့် တာဝန်ထမ်း ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဦးစီးဌာနအနေဖြင့် လူဦးရေ (၄၀၀၀) ၊ (၅၀၀၀) ခန့်တွင်ဆရာဝန်(၁) ဦး ခန့်ထားနိုင်သော အင်အားကတော့လောလောဆယ်တော့မရှိပါဘူး။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ကတော့ ဒီဆရာဝန်များ နောက်ထပ် (၁၇၀၀) ခန့်ဖို့အတွက်ကို အကုန်လုံးအဆင့်ဆင်လုပ်တဲ့အခါမှာ နောက်ဆုံး အဆင့် အစိုးရအဖွဲ့ဆီကိုရောက်နေပါပြီ။ ၁၂ ရက်နေ့က ကျွန်တော်တို့တင်ထားပါတယ်။ ဒါကျမယ်ဆိုရင် ကျွန်တော်တို့ဆရာဝန် (၁၇၀၀) ဦးခန့်ဖို့ရပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီလိုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကြားထိုးဆရာဝန်ပေါ့။ Relieving ဆရာဝန်တွေကို ရခိုင်ပြည်နယ်မှာရှိတဲ့ ဆေးရုံကြီးတွေကနေပြီးတော့ (၃) လ တစ်ကြိမ်၊ (၃) လတစ်ကြိမ် စေလွှတ်ပြီး တာဝန်ထမ်းဆောင်တယ်ဆိုတာကို တွေ့ရပါတယ်။

     သို့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးပြောတဲ့အတိုင်း တစ်ဦးနဲ့ တစ်ဦးကြားမှာ တစ်ခါတစ်လေပြတ်သွားတာရှိပါတယ်။ အဲဒီတော့ ဒါတွေကိုမပြတ်သွားအောင် တစ်ဦးနဲ့တစ်ဦးတာဝန်လွှဲပြောင်းရန်အတွက် နှစ်ရပ်ပူးတွဲတာဝန်ထမ်းဆောင်ရန်အတွက် Overlap သုံးရက်ကိုခန့်ဖို့ဆိုရင် ကျွန်တော်တို့က တိုင်းနှင့်ပြည်နယ် အားလုံးမှာရှိတဲ့ တိုင်းနှင့်ပြည်နယ်ဦးစီးမှုးတွေကို ဧပြီလ ၁၀ ရက်နေ့ ၂၀၁၇ ရက်နေ့ကညွှန်ကြားစာ ဝထရ-၂/၇-၂၀၁၇ နှင့် (၁၇၄) ခုထုတ်ပေးပြီးဖြစ်ပါတယ်။ ဒီကိစ္စမှာ ဆရာဝန်ပြတ်လပ်မှုကို ကျွန်တော်လုံးဝလက်မခံပါဘူး။ ကျွန်တော် ဆရာဝန်တစ်ဦးအနေနဲ့ ဒါကျင့်ဝတ်နဲ့လည်းမညီပါဘူး။ အဲဒီတော့ ဒီကိစ္စနှင့်ပတ်သက်ပြီးလည်း ကျွန်တော်ကိုယ်တိုင်ကတော့ ဒီစကုပေါ့နော်။ ဒေါ်ထုမေ ရခိုင်ပြည်နယ်မှာရှိတဲ့ ကုသဦးစီးမှူးကိုလည်း ကျွန်တော်ကိုယ်တိုင် ကျွန်တော် ညွှန်ကြားရေးမှူးချုပ်ကတစ်ဆင့် ပြောခိုင်းပါမယ်။ ဒီလိုပြတ်လပ်မှုကို လုံးဝရှိဖို့မသင့်ပါဘူး။

     ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မြေပုံမှာကြည့်တဲ့အခါကျတော့ စကုကသပ်သပ် အောက်မှာ ကျွန်းလေးပုံစံဖြစ်နေပြီးတော့ သူတို့ရဲ့ ကျန်းမာရေးကိုလည်း ကျွန်တော့အနေနဲ့ ဒါလျစ်လျူမရှုထားပါဘူး။ တစ်ခုပဲရှိတာ။ ကျွန်တော်ဒီမှာတာဝန်ကျခဲ့တဲ့၊ ရမ်းဗြဲမှာ တာဝန် ကျခဲ့တဲ့ဆရာဝန် အခု National Officer သူ့ကို ကျွန်တော် ဖုန်းဆက်ပြီးကိုယ်တိုင်မေးပါတယ်။ မေးတဲ့အခါမှာ ဒီမှာစကုမှာက တစ်ခါတစ်လေကျရင်သူတို့က လူကတော်တော် နည်းသွားပါတယ်။ ငါးသွားဖမ်းရင် နည်းလိုက်၊ များလိုက် ဖြစ်တဲ့အခါကျတော့ သူတို့ဘယ်လို ဆောင်ရွက်နေသလဲဆိုတော့ အဲဒီမှာ ဘုန်းကြီးကျောင်းရှိတယ် ပြောပါတယ်။ ဘုန်းကြီးကျောင်းဆရာတော် မကျည်းဘက်က သူက ဖုန်းဆက်ရင်လာတယ်ပြောပါတယ်။ ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော့အနေနဲ့ ဒီမှာတော့ အမှန်အတိုင်းပြောရရင်ဦးစီးမှူးကို ကျွန်တော်ကိုယ်တိုင်ပဲဆက်ပါမယ်။ ဒီကိစ္စက ဒါမျိုးတော့အဖြစ်မခံနိုင်ပါဘူး။ သူတို့ရဲ့ ကျန်းမာရေး။ တော်တော်ကိုဝေးပါတယ်။ သူတို့က ရေလမ်းခရီးနဲ့ ဒီမှာကြည့်တဲ့အခါမှာ သူတို့ကကျောက်ဖြူအထိသွားရတယ်။ တောင်ကုတ်အထိကို ဆင်းရပါတယ်။

     ဒီဘက်က မာန်အောင်ကျွန်းကသွားဖို့က လှိုင်းကြီးတဲ့အတွက် များသောအားဖြင့် တောင်ကုတ်ကိုသွားတယ်ဆိုတာကို ဒါကိုကျွန်တော်သိရတဲ့အတွက် ဒါကိုကျွန်တော်အမြန်ဆုံးဆောင်ရွက်ပေးပါမယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခုတင်ပြချင်တာကတော့ ဒီမှာ ဆရာဝန် မရှိသော်လည်း ကျန်းမာရေးမှူးနဲ့ သူ့သားဖွားဆရာမတော့ အမြဲရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဘာသွားတွေ့ရသလဲဆိုတော့ ခက်ခဲတဲ့ဒေသတွေမှာ ဆရာဝန်တွေတာဝန်ချလိုက်တဲ့အခါမှာ သူတို့ကမသွားဘဲနဲ့ အလုပ်ထွက်သွားတာမျိုးလဲရှိပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကိုပျောက်ဖို့ဆိုရင် ကျွန်တော်တို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဆရာဝန်နေဖို့ အိမ်တွေဆောက်လုပ်ပေးမယ်။ ကျွန်တော်မေးကြည့်တဲ့ အခါကျတော့ စကုမှာရှိတဲ့ ဆရာဝန်နေတဲ့အိမ်က တော်တော်လေးအခြေအနေ အလွန်ဆိုးတယ်လို့ပြောပါတယ်။ မနေ့က ဖုန်းနဲ့ပြောတာ။ အဲဒီလိုဝန်ထမ်း နောက်အခြား Incentive တွေ့နောက်သူတို့ ဘွဲ့လွန်သင်တန်းတွေတက်တဲ့အခါမှာ အမှတ်ပိုပေးခြင်း၊ နောက်ပြီးတော့ သူတို့တစ်နှစ်ဆိုရင် ကျွန်တော်တစ်နှစ်အတိအကျ အခုချင်းပြည်နယ်မှာ ခုဆိုရင်တစ်နှစ်ပြည့်ရင် တစ်နှစ်ချက်ချင်း ပြန်ခေါ်ပါတယ်။

     ဒီကိစ္စကို ကျွန်တော်တို့တချို့ကတော့ ပြောပါတယ်။ လျစ်လျူရှုမခံတော့ပါဘူး။ တစ်နှစ်ပြည့်တစ်ယောက်ပြန်ခေါ်မယ်။ နောက်တစ်ယောက်သွားမယ်ဆိုရင် သူတို့ကလိုလိုချင်ချင်နှင့်သွားမယ်ဖြစ်ပါတယ်။ ဥပမာ အဲဒီလို ခက်ခဲတဲ့နေရာမှာ တစ်နှစ်ထမ်းဆောင်ပြီးလို့ရှိရင်လည်း သူတို့ကြိုက်တဲ့နေရာ (၃) ခု ဦးစားပေးတောင်းပါတယ်။ အဲဒီထဲက (၉၅) ရာခိုင်နှုန်းအကြောင်းတွေမှာ သူတောင်းတဲ့ (၃) ခုမှာ တစ်ခုကိုအမြဲပေးပါတယ်။ ဒါမျိုးနဲ့ ကျွန်တော်တို့က Incentive ပေးခြင်းဖြစ်ပါတယ်။ သို့မှသာလျှင် ဆရာဝန်တွေ သွားမယ် ဖြစ်ပါတယ်။ သို့မဟုတ်လို့ကတော့ အလုပ်ထွက်သွားပါတယ်။ ဒီကိစ္စမှာ ကျွန်တော်အဆင် အပြေဆုံးနှင့်အတက်နိုင်ဆုံးဖြစ်အောင် ကျွန်တော်ဆောင်ရွက်ပေးနေသည် ဖြစ်ကြောင်း လေးစားစွာဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေအားပြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

     လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်အမှတ် (၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးယောနာ၏ ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားမှာ ဖြစ်ပါတယ်။ မေးခွန်းမှာကတော့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဆာဒူလော်အုပ်စု၊ ပါဝူခေါ ကျေးရွာ၊ ငွါးဖါခါးကျေးရွာ၊ ထန်းဒုန်ကျေးရွာ၊ ကူလာကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် ကန်းဖန့်ကျေးရွာရှိ ကျေးလက်ကျန်းမာ ရေးဆေးခန်းကို ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ် အဆင့်မြှင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။

     ကျွန်တော်တို့ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန (၂) ခု၊ ကျေးလက်ကျန်းမာရေးဌာန (၁) ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၉) ခု၊ မိခင်နှင့်ကလေး ကျန်းမာရေး (၁) ခုနှင့် ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေးဝန်ထမ်း ဆေးရုံမပါပါဘူး။ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ကတော့ လက်ထောက်ကျန်းမာရေးမှူးတစ်ဦး၊ အမျိုးသမီး ကျန်းမာရေးဆရာမ (၁) ဦး၊ သားဖွားဆရာမ (၁၄) ဦးဖြင့် ချီဖွေမြို့နယ်ရှိ စုစုပေါင်းလူဦးရေ (၁၇၀၉၄) ဦးအား ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ ဆေးရုံကမပါသေးပါဘူး။ ဆရာဝန်၊ ဆရာမတွေ မပါသေးပါဘူး။ ဒီမှာ မေးခွန်း မှာမေးမြန်းထားတဲ့ ပါဝူခေါကျေးရွာကတော့ ကန်းဖန့်ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေ အတွင်းမှာတည်ရှိပြီးတော့ အိမ်ခြေ (၃၃) အိမ်၊ လူဦးရေ (၂၄၁) ဦးပဲရှိပါတယ်။ ငွါဖါခါး ကျေးရွာကလည်း ကန်းဖန့်ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေအတွင်းမှာရှိပြီးတော့ အိမ်ခြေ (၄၀) အိမ်၊ လူဦးရေ (၂၄၅) ဦးပဲရှိပါတယ်။

     ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှာ ဒီမှာမေးခွန်းမှာမေးထားတဲ့ ပါဝူခေါကျေးရွာနဲ့ ငွါးဖါခါးကျေးရွာမှာ လူဦးရေအလွန်နည်းပါတယ်။ (၂) ခုပေါင်းလို့ရှိရင်။ သို့သော်လည်း ကျွန်တော်တို့ ၎င်းကျေးရွာ (၂) ရွာအစား အဲဒီကျေးရွာ (၂) ရွာရဲမြေပုံမှာ ကျွန်တော်တို့ ကြည့်တဲ့အခါမှာ အလယ်မှာရှိပါတယ်။ ဒီအလယ်မှာ ဆာဒူလော်ကျေးရွာဆိုတာ ရှိပါတယ်။ မြေပုံမှာကြည့်တဲ့ အခါကျတော့။ ဒီဆာဒူလော်ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်ပေးမယ်ဆိုလို့ရှိရင်တော့ ခု မေးခွန်းမှာပါတဲ့ ကျေးရွာ (၂) ရွာအပြင် ကျေးရွာပေါင်း (၃) ရွာ၊ အိမ်ခြေ (၁၂၃) အိမ်၊ လူဦးရေ (၈၂၃) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံမှု ပေးနိုင် မှာဖြစ်ပါတယ်။

     ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးနဲ့ ဆက်သွယ်ပါတယ်။ ဒီတစ်ခါမှာ ဒီဆာဒူလော်ကျေးရွာသည် အဆိုပါ ကျေးရွာ (၂) ရွာကြားမှာ တည်ရှိတဲ့အတွက် ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူးမှလည်း ကျေးလက်ကျန်းမာရေး ဌာနခွဲဖွင့်လှစ်ရန် သင့်လျော်ကြောင်းထောက်ခံထားပါတယ်။ သို့ဖြစ်ပါ၍ ဆာဒူလော်ကျေးရွာ တွင်ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ဖို့ကိုတော့ကျွန်တော်တို့ (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေး နှစ်တွင် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပထမ ဖြေကြားလိုပါတယ်။

     ဒုတိယကတော့ မေးခွန်းမှာပါတဲ့ ထန်းဒုံကျေးရွာဟာ ဆိုလို့ရှိရင်တော့ ကျေးလက် ကျန်းမာရေးဌာနခွဲအဖြစ် သားဖွားဆရာမ (၁) ဦး၊ ပြည်သူ့ကျန်းမာရေး (ကြီးကြပ်-၂)(၁) ဦး စုစုပေါင်းဝန်ထမ်း (၂) ဦးပါဝင်သောဖွဲ့စည်းပုံဖြင့် ကျန်းမာရေးဦးစီးဌာန၏ (၁၉-၆-၂၀၁၃) ရက်စွဲပါစာအမှတ်၊ ကမဘ/ဃ- ၁၁၁၈/၉၂ ဖြင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်းလည်း ကျွန်တော်တင်ပြလိုပါတယ်။ ဒီနေရာမှာ သားဖွားဆရာမလည်းရှိပါတယ်။ မေးခွန်းမှာမေးထားတဲ့ ကူလာကျေးရွာသည် ထန်းဒုံကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေ အတွင်းတည်ရှိပြီး အိမ်ခြေ (၆၁) အိမ်၊ လူဦးရေ (၄၉၉) ဦးရှိပြီး ထန်းဒုံကျေးလက်ကျန်းမာ ရေးဌာနခွဲနှင့် (၂) မိုင်သာဝေးပါတယ်။ ထန်းဒုံကျေးလက်ကျန်းမာရေးဌာနခွဲတွင် သားဖွား ဆရာမတစ်ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပြီးနောက် ကျောက်ခင်းလမ်း ဖြစ်ပြီးတော့ မော်တော်ကား၊ ဆိုင်ကယ်တို့ဖြင့်ရာသီမရွေး သွားလာနိုင်တဲ့နေရာလို့သိရှိရ ပါတယ်။

     ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ မေးမြန်တဲ့အခါမှာလည်း ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးက မလိုအပ်ပါကြောင်း တင်ပြထားပါသဖြင့် ကူလာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ရန် လောလောဆယ်အစီအစဉ် တော့မရှိသေးကြောင်း ဖြေကြားအပ်ပါတယ်။

     နောက်မေးခွန်းတစ်ခုဖြစ်တဲ့ ကန်းဖန့်ကျေးလက်ကျန်းမာရေးဌာနခွဲ ကတော့ နုဇွန်ဘော်တိုက်နယ်ဆေးရုံနှင့် မိုင် (၃၀) ဝေးပြီး ခရီးကြာမြင့်ချိန်ကလည်း (၄) နာရီသွား ရပါတယ်။ မိုးရာသီမှာလည်း လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါတယ်။ အဲဒီတော့ ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ခွင့်ရမယ်ဆိုလို့ရှိရင်တော့ ဤကျေးရွာ အုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၅) ရွာ၊ အိမ်ခြေ (၃၄၅) အိမ်၊ လူဦးရေ(၂၀၀၀)ကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှု၊ လွှမ်းခြုံမှုပေးနိုင်မှာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး လည်းအလွန်ခက်ပါတယ်။ ကျေးလက်ကျန်းမာရေးဌာနအဖြစ် ကျွန်တော်တို့အဆင့်မြှင့် ဖွင့်လှစ်ခွင့်ရမယ်ဆိုလို့ရှိရင်တော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုလွှမ်းခြုံနိုင် မည်ဖြစ်တဲ့အတွက်၊ နောက်တစ်ချက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ကလည်းထောက်ခံထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကန်းဖန့်ကျေးလက်ကျန်းမာရေး ဌာနခွဲကိုတော့ ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) အဖြစ်သို့အဆင့် မြှင့်တိုးမြှင့်ဖို့အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေး အဖွဲ့သို့တင်ပြပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ နောက် ကျွန်တော်ဆက်လက်ဖြေပါမယ်။

 

     လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ မွန်ပြည်နယ်အမှတ် (၁၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည် ဖြေကြားမှာဖြစ်ပါတယ်။ မေးခွန်းမှာ မွန် ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အပါအဝင် နိုင်ငံတော်တစ်ဝှမ်း ပြည်သူ့ဆေးရုံများရှိ သွားဘက်ဆိုင်ရာဌာနများတွင် လိုအပ်လျက်ရှိသော Dental Nurse ထပ်မံခေါ်ယူ ခန့်ထာပေးမည့် အစီအစဉ် ရှိ/မရှိနဲ့ အခြား Dental ဆရာဝန် များ ဖြည့်စွက်ပေးခြင်းကိစ္စနဲ့ပတ်သက်ပြီးတော့ မေးတဲ့မေးခွန်းဖြစ်ပါတယ်။

     ကျွန်တော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့မှာ ကျန်းမာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Human Resource for Health ကနေပြီးတော့ Dental Nurse နဲ့သွားသူနာပြု ဒီပလိုမာ (၂) နှစ်သင်တန်းကို (၂) နှစ် တစ်ကြိမ် ကျွန်တော်တို့ ရန်ကုန်နဲ့ မန္တလေးမှာဖွင့်လှစ်ပြီး သင်တန်းသားများ ခေါ်လျှက် ရှိပါတယ်။ ခုလောလောဆယ် (၄၂) ဦး တက်ရောက်လျက်ရှိပါတယ်။ ဒီ (၄၂) ဦးကတော့ (၂၀၁၈) ဖေဖော်ဝါရီလမှာ သင်တန်း ဆင်းမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ အခြေအနေပေါ် မူတည်ပြီး ကျွန်တော်တို့ သုံးသပ်ပြီးတော့ ခန့်ထားမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုတင်ပြချင်တာကတော့ ကျွန်တော်တို့ အနေနဲ့ ဒီကုသရေးဦးစီးဌာနမှာ လက်ထောက် ဆရာဝန် (သွား) ရာထူးနေရာ ဖြည့်စွက်ဖို့ အတွက်ကိုလည်း ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနှင့်အထက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားတာ နောက်ဆုံးအဆင့်ဖြစ်နေပါပြီ။ Cabinet မှာ Approval လုပ်လို့ရှိရင် Dental Surgeon ကတော့ (၃၀၀) ခန့်ဖို့ရှိပါတယ်။

     ဒီနေရာမှာ ကျွန်တော်တစ်ခုတင်ပြချင်တာက သွားဘက်ဆရာဝန်များအနေနဲ့ ကျွန်တော်တို့မှာအဓိကဌာနကြီး (၂) ခုဖြစ်တဲ့ ကုသရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိပါတယ်။ ကုသရေးဦးစီးဌာနမှ ကျွန်တော်တို့က (၆၂၄) ဦး ခွင့်ပြုထားပါတယ်။ (၆၂၄) ဦးက ကျွန်တော်တို့ (၅၅၁) ဦး ကျွန်တော်တို့ခန့်ထားပြီးပါပြီ။ ပြည်သူ့ကျန်းမာ ရေးဌာနမှာတော့ ကျွန်တော်တို့ကနည်းနည်းခန့်ဖို့လိုနေပါတယ်။ (၈၅၂)ဦး ခွင့်ပြုခန့်ထားကာ (၂၁၇)၊ (၆၀၈)ဦးလောက် ကျွန်တော်တို့ လိုလျက်ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ ဒီမှာတင်ပြချင်တာက ကျွန်တော်တို့ Dental Surgeon တွေပေါ့လေ၊ B.D.S တွေကို အခု(၂၀၁၆) အထိထုတ်ပြီးတဲ့ ဆရာဝန်ပေါင်း (၄၃၆၆) ဦး ရှိပါတယ်။ ကျွန်တော်တို့ အခု ဆက်လက်ထွက်ဖို့ရှိပါတယ်။ (၂၀၁၇) ခုနှစ်မှာ (၂၅၁) ဦးထွက်မယ်။ (၂၀၁၈) မှာ (၂၄၇) ဦး ထွက်ပါ့မယ်။ (၂၀၁၉) မှာ (၃၇၀) ထွက်ပါမယ်။ ဒီမှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ကြီးတင်ပြတဲ့ မွန်ပြည်နယ်မှာဆိုရင် အခြေအနေကောင်းပါတယ်ခင်ဗျား။ မွန်ပြည်နယ် ကုသရေးဦးစီးဌာမှာ သွားဆရာဝန် (၁၆) ယောက်ရှိမည့်အနက် (၁၅) ဦးရှိပါတယ်။ မွန်ပြည်နယ်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ သွား ဆရာဝန် (၁၅) ယောက်ရှိတဲ့အထဲမှာ (၈) ယောက်ရှိပါတယ်။ အဲဒီတော့ မွန်ပြည်နယ်အနေနဲ့ ဒီသွားနဲ့ပတ်သက်ပြီးတော့ ဆရာဝန် တွေကအခြားတိုင်းနှင့်ပြည်နယ်နှင့် နှိုင်းယှဉ်မည်ဆိုရင် တော်တော်အခြေ အနေကောင်းပါ တယ်။ သို့သော်လည်း ကျွန်တော်တို့က ဖွဲ့စည်းပုံအရ ဆက်လက်ခန့်ထားမယ်။ လိုအပ်လို့ ရှိရင်ဖွဲ့စည်းပုံကို ထပ်တိုးဖို့လိုပါတယ်။ သွားကျန်းမာရေးကလည်း အခြားကျန်းမာရေး နှင့်တန်းတူ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

     ဒုတိယအချက်နှင့် Dental Nurse ကိစ္စနှင့် ကျွန်တော်တင်ပြပါမယ်။ Dental Nurse ဆိုတာက သူကနှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ စတက်တည်းက Dental Nurse သူက (၂) နှစ်သင်တန်းပါ။ ပြီးရင် သူက Dental ပဲလုပ်မယ်။ သူက အခုလောလောဆယ် (၄၂) ဦး တက်နေပါတယ်။ သို့သော်လည်း ဒီမှာ ကျွန်တော်တစ်ခုတင်ပြချင်တာက ဒီ Dental Nurse ထုတ်တဲ့ (၂) နှစ်သင်တန်းထုတ်တာက အနှစ် (၂၀) လောက်ပိတ်ထားပါတယ်ခင်ဗျား။ ပြီးခဲ့တဲ့နှစ်ကမှ ကျွန်တော်တို့စဖွင့်ပါတယ်။ အဲဒီတော့ University of Nursing ရန်ကုန်နဲ့ မန္တလေးမှာဖွင့်ပါတယ်။ (၄၂) ဦးတက်နေပါတယ်။ ဆိုတော့ တကယ့်တကယ် တိုင်းပြည်နှင့် ကြည့်မယ်ဆိုရင်တော့ အလွန်နည်းပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က ပိုတက်ခိုင်းလို့မရ ပါဘူး။ ပိုတက်လို့ရှိရင် Quality ကျသွားမှာဖြစ်တယ်။ (၄၂)ဦး။ နောက်တစ်မျိုး က Dental မှာ ကျွန်တော်တို့က သူနာပြုသားဖွား အောင်ထားတဲ့ B.N.Sc အောင်ထားတဲ့ B.N.Sc Bridge Course အောင်ထားတဲ့ (၃)နှစ်သူနာပြု သားဖွားဒီပလိုမာ သင်တန်းနှင့်ကလည်း Dental Specialist Nurse ပေါ့။ Dental Speciality ပေါ့။ အဲဒါ (၉)လသင်တန်း ရှိပါတယ်။ အဲဒီ (၉)လ သင်တန်းကလည်း (၁၆) ဦးတက်ပါတယ်။ ဒါပေမဲ့ အဲဒါကို လူတွေက မတက်ချင်ပါဘူး။ အမှန်အတိုင်းပြောမယ်ဆိုရင်၊ ဘာဖြစ်လို့လဲဆိုရင်၊ သူတို့က Dental လုပ်လို့ရှိရင် သူတို့ရဲ့လုပ်ငန်းနယ်ပယ်က ကျဉ်းသွားတယ်ခင်ဗျား။ အဲဒါတစ်ချက်ရှိပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီမှာတင်ပြချင်တာက ကျွန်တော်တို့ Bachelor of Nursing Science (၂)မျိုးရှိပါတယ်။ Generic Course၊ လေးနှစ် Course ဆိုတာ၊ နောက်ထပ်(၃)နှစ် Bridge Course၊ သူတို့က (၃) နှစ်ကို။ ဒီသင်တန်းတွေမှာလည်း ကျွန်တော်တို့က သွားနှင့် ပတ်သက်သော သူနာပြုဆရာမတွေကို သင်ကြားဖို့ဖြစ်ပါတယ်။ ဆိုလိုတာက Dental Nurse မရှိသော်ငြားလည်း ဒီသူနာပြုများသည်လည်း Dental နဲ့ပတ်သက်ပြီးတော့ Dental Surgeons တွေကို assist လုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တင်ပြလိုပါတယ်။ ဆိုလိုတာက Dental၊ Bachelor of Science Nursing Course မှာလည်း သွားနှင့်ပတ်သက်တာကို သင်ရပါတယ်။

     အချုပ်ပြောရမယ်ဆိုလိုရှိရင်တော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးမေးထား တဲ့ Dental Nurse နဲ့ Dental ဆရာဝန် အခြေအနေကတော့ မွန်ပြည်နယ်မှာ အခြား ပြည်နယ်ထက်ကို တော်တော်ကောင်းတာကိုတွေ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် နောက်ထပ် ဆက်လက်ဖြေကြားပါမယ်။

 

     လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်၊ အမှတ် (၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်နိုင်၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်သော ရခိုင်ပြည် နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ သရက်တပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦနှင့် ဒုက္ကံချောင်းကျေးရွာ၊ ရွှေပြည်ကျေးရွာ၊ နဂရာကျေးရွာ၊ စပါးဆိပ် (သရီ)၊ စဖိုသားကျေးရွာ၊ ကျောက်တန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦများကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင်ဆောက်လုပ်ပေးရန် အစီ အစဉ်ရှိ/မရှိကိစ္စနှင့်ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။

     ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ အဆောက်အဦဆောက်လုပ်ရန် နှစ်စဉ် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ဆောင်ရွက်တဲ့အခါမှာ ဒီ ပြည်နယ် /တိုင်း တစ်ခုတည်းကိုမလုပ်ပါဘူး။ ပြည်နယ်/တိုင်းအားလုံးမှာ လိုအပ်ချက်ပေါ်မူတည်ပြီး ကျွန်တော်တို့က တင်ပြပါတယ်။ တောင်းတိုင်းတောင်းတိုင်း ပေးလို့တော့မရပါဘူး။ တောင်း တိုင်းတောင်းတိုင်း ပေးလို့မရဘူးဆိုတာက ကျွန်တော်တို့က ဒီကျေးလက်ကျန်းမာရေးဌာန ခွဲဖြစ်ဖြစ်၊ ကျေးလက်ကျန်းမာရေးဌာနပေါ့လေ။ Rural Health Center ၊ Sup-Center Health ၊ Station Hospital ဖြစ်ဖြစ် ဆောက်တော့မယ်ဆိုရင် ကျွမ်းကျင်ပိုင်းဆိုင်ရာ အချက်အလက်အများကြီးကိုသုံးရတာ၊ ဥပမာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာအချက် အလက်ရှု ထောင့်၊ လူမှုရေးရှုထောင့်၊ လမ်းပန်းဆက်သွယ်ရေးရှုထောင့်၊ မြေပြင်အနေအထားရှုထောင့်၊ နိုင်ငံရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ နောက် လူနာ Catchment area ကြီး/မကြီး ဒါတွေကို အကုန်လုံးစဉ်းစားပြီးမှ ကျွန်တော်တို့က ဒီဆောက်တာ၊ မဆောက်တာကို သေချာစွာ စိစစ်သုံးသပ်ပြီးမှ ကျွန်တော်တို့က ဆောက်ရခြင်းဖြစ်တယ်။

     ဘာကြောင့် ကျွန်တော်တို့က ဒီလိုပြောရတယ်ဆိုလိုရှိရင် အဆောက်အဦတစ်ခု ဆောက်ပြီးတိုင်းပြီးမသွားပါဘူး။ ဒီအဆောက်အဦမှာ ခန့်မယ့်လူအင်အား ဥပမာ- လူအင် အား၊ ကျွမ်းကျင်ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ နောက်အုပ်ချုပ်ရေးဝန်ထမ်း၊ အခြားဝန်ထမ်း တွေလည်း ကျွန်တော်တို့ကခန့်ရပါတယ်။ ထို့ပြင် ဒီမယ်ရှိတဲ့ ဆေးနှင့်ဆေးပစ္စည်းလည်း ကျွန်တော်တို့က ငွေကုန်ပါတယ်။ နောက်တစ်ခါ ပရိဘောဂတွေလည်း ကုန်ပါတယ်။ အဲဒီ တော့ အဘက်ဘက်ကစဉ်းစားပြီးမှ ဒီ Sub-Center ကျေးလက်ကျန်းမာရေးဌာနခွဲဖြစ်ဖြစ်၊ ဌာနဖြစ်ဖြစ် ကျွန်တော်တို့ကဆုံးဖြတ်ပါတယ်။ ဒီနေရာမှာ ကျောက်တော်ကို ပြန်ကြည့်တဲ့ အခါမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ရောင်စုံကျေးရွာမှာ ကျေးလက်ကျန်းမာရေး ဌာနခွဲနဲ့ င/တပေါင်းကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ခွဆုံကျေးလက်ကျန်းမာရေး အဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာဆောက်ဖို့ကိုတော့ ရန်ပုံငွေ(၆၃)သန်းစီကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှာ ရတဲ့အတွက် ဒါတွေကတော့ အကုန်ရမှာပါ။

     သို့သော်လည်း မေးခွန်းမှာမေးထားတဲ့ရွာတွေမှာ ဆိုလိုရှိရင်တော့ ကျောက်တော် မြို့နယ်၊ ဒုက္ကံချောင်းနှင့် ကျောက်တန်းကျေးလက်ဌာနခွဲများကို (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ် တွင်ပြင်ထိန်းစရိတ်သိန်း (၁၀၀) စီလည်း ကျွန်တော်တို့ချထားပြီးဖြစ်ပါတယ်။ ဒါကိုလုပ် ဆောင်ပြီးဖြစ်ပါတယ်။ မေးခွန်းမှာမေးထားတဲ့ ဒီ ကျွန်တော်တင်ပြရန် စံကိုက်ကိုမေးထား ပါတယ်။ စံကိုက်မေးတဲ့အခါမှာ အရင်တုန်းက ဆောက်ထားတဲ့အဆောက်အဦးကြီးမှာ စံကိုက်မဟုတ်တာတွေ အများကြီးရှိပါတယ်။ ဒီစံကိုက်မဟုတ်တာတွေကို ကျွန်တော်တို့က Step by Step အဆင့်ဆင့်၊ အဆင့်ဆင့် စံကိုက်ဖြစ်အောင် ပြန်လုပ်နေရပါတယ်။ တော်တော် များများက စံကိုက်မရှိသေးပါဘူး။ စံကိုက်ဖြစ်အောင် ကျွန်တော်တို့ တဖြည်းဖြည်း လုပ်မှာ ပါ။ အဲဒီတော့ ဒီနေရာမှာ သရက်တပင်ကျေးလက်ကျန်းမာရေးဌာနမှာရှိတဲ့ မေးခွန်းမှာ မေး ထားတဲ့ ရွှေပြည်၊ နဂရာ၊ စပါးဆိပ်(သရီ)နှင့် စဖိုသား ကျေးလက်ကျန်းမာရေးဌာနခွဲများမှာ စံကိုက်ဆောက်လုပ်ဖို့ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှာတော့ ကျွန်တော်တို့ပါဝင်ခြင်း မရှိ သေးပါဘူး။ သို့သော်လည်း(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်မှစပြီးတော့ နှစ်စဉ်စီမံကိန်းများမှာ ရန်ပုံငွေရရှိမှု ဦးစားပေးဆောင်ရွက်မှာဖြစ်ပါတယ်။ ဦးစားပေးဆိုတဲ့စကားကို သုံးတဲ့အခါမှာ ကျွန်တော်တို့က ဒါ ရခိုင်ပြည်နယ်ပါ။ အဲဒီတော့ ပြည်နယ်၊ တိုင်းနှင့် အကုန်လုံးကဟာကို လွှမ်းခြုံပြီးမှ ဦးစားပေးအဆင့်ဆင့်၊ အဆင့်ဆင့် လုပ်ရပါတယ်။

     ရခိုင်မှာလိုတာထက် ကရင်ပြည်နယ်ကလိုနေရင် ကရင်ပြည်နယ်ကို ဦးစားပေးမယ်။ ကရင်ပြည်နယ်က လိုတာဘာကြောင့်လိုသလဲဆိုတော့ ခုနကျွန်တော်တင်ပြတဲ့ လူမှုရေး ရှုထောင့်၊ ကျွမ်းကျင်မှုရှုထောင့်၊ စီးပွားရေးရှုထောင့်၊ လမ်းပန်းဆက်သွယ်ရေးရှုထောင့်၊ နိုင်ငံရေးရှုထောင့်၊ ယဉ်ကျေးမှု အကုန်ပေါ့လေ၊ စီးပွားရေးရှုထောင့် အဖက်ဖက်ကကြည့်ပြီး ကျွန်တော်စဉ်းစားပါတယ်။ ကျွန်တော်တို့ကတော့ အားလုံးကိုလုပ်မှာပါ။ ဒါပေမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ တင်ပြလာရင်တော့ နည်းနည်းတော့၊ ဟို သည်းခံပြီးတော့ ကျွန်တော်တို့ ပေးမှာကတော့သေချာတယ်။ ဆက်လက်ပြီး ဒုတိယလ၊ တတိယလ၊ လာမည့်ဒီအစိုးရသက်တမ်းအတွင်းမှာတော့ အားလုံးကိုကျွန်တော်တို့က Systemitcally ပေါ့လေ။ အရမ်းမလုပ်ပါဘူး။ လိုအပ်တာကိုအရင်လုပ်မယ်၊ အဲလိုပဲလုပ်ဖို့ အစီအစဉ်ရှိပါတယ် ဆိုတာဖြစ်ကြောင်း ကျွန်တော်တင်ပြလိုပါတယ်ခင်ဗျား။

 

     ကျွန်တော်တို့နောက်ဆုံးမေးခွန်းဖြစ်တဲ့ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနှင့် မကွေး တိုင်းဒေသကြီး အမှတ်(၆)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်းစားလှယ် ဦးဝင်းမောင်၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ အိုးသည်ကျေးရွာအုပ်စု၊ အိုးသည်အရှေ့ကုန်းရွာ၌ ကိုယ်ထူကိုယ်ထဆောက်လုပ်လျက်ရှိသည့် ဟောင်းနွမ်းနေ၍ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးခန်းအဆောက်အအုံသစ်နှင့် ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ Sub- Center အသစ်တို့ကို နိုင်ငံ တော်မှ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန်အစီအစဉ် ရှိ/မရှိနဲ့ ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။

     ကျွန်တော်တို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေနဲ့ကတော့ မကွေးတိုင်း၊ စလင်းမြို့တွင် တိုက်နယ်ကျန်းမာရေးဌာန (၄) ခု၊ ကျေးလက် ကျန်းမာရေးဌာန (၁၀) ခု၊ Rural Health Center (၁၀) ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ Sub- Center (၅၀) ၊ မိခင် ကလေးကျန်းမာရေးဌာန (၂) ခုရှိပါတယ်။ ပြည်သူ့ကျန်းမာရေး၊ ဆေးရုံမပါဘူး။ ပြည်သူ့ကျန်းမာရေးဝန်ထမ်းအင်အား အနေနဲ့ကတော့ ကျန်းမာရေးမှူး တစ်ဦး၊ မြို့နယ်သူနာပြုအဆင့် Township Health Nurse (၁) ဦး၊ လက်ထောက်ကျန်းမာ ရေး(၉)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ (၂)ဦး၊ အမျိုးသမီး ကျန်းမာရေးဆရာမ (၁၂)ဦး၊ သားဖွားဆရာမ (၇၂) ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ (၄၈) ဦးစုစုပေါင်းဝန်ထမ်း အင်အား (၁၄၅) ဦးတို့အပြင် စလင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးကိစ္စများကို စလင်း မြို့နယ်မှာရှိတဲ့လူဦးရေစုစုပေါင်း (၂၅၀၀၀၀) ကျော်ကို ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ ဆေးရုံမပါသေးပါဘူး။ ပြည်သူ့ကျန်းမာ ရေးကပြောတာပါ။

     ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ အဆောက် အဦများ ဆောက်လုပ်ဖို့အတွက်ကိုစနစ်တကျ ကျွန်တော်တင်ပြသလို နှစ်စဉ်စီမံကိန်းများ ရေးဆွဲဆောင်ရွက် လျက်ရှိရာ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ငွေလုံးငွေရင်းအသုံးစရိတ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှာရှိတဲ့ ငွေတောင် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဇီးဖြူပင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အဆောက်အဦး နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ဖို့ရန်ပုံငွေ (၆၃) သန်း စီကိုအဆိုပြုတင်ပြတောင်းခံထားပြီး ကျွန်တော်တို့ ရရှိပြီးဖြစ်ပါတယ်။ ဒါကို သုံးမယ်၊ ဆောက်ပါမယ်။ အခုမေးခွန်းမှာ မေးထားတဲ့ အရှေ့ကုန်းအိုးသည် ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦးဆောက်လုပ်ဖို့ကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပါဝင်ခြင်းမရှိတဲ့အတွက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ သေးပါဘူး။ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေး အတွက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ပြောကြားလိုပါတယ်။

     နောက်တစ်ခုမေးခွန်းမှာပါတဲ့ စလင်းမြို့နယ်၊ စဉ့်တူကန်ကျေးရွာတက၊ သနပ်ကုန်း ကျေးလက်ဌာနအပိုင်း၊ ငါးဇင်းရိုင်းကျေးလက်ကျန်းမာရေးဌာနခွဲ အောက်မှာရှိပါတယ်။ ငါးဇင်းရိုင်းကျေးလက် ကျန်းမာရေးဌာနခွဲနှင့် (၂) မိုင်ဝေးပြီးတော့ စလင်းမြို့နယ်ဆေးရုံနှင့် (၁၂) မိုင်ပဲဝေးပါတယ်။ ရေချောင်းရိုးခြားနေမှုရှိပါတယ်။ စဉ့်တူကန်ကျေးရွာမှာ ကျေးလက် ကျန်းမာရေးဌာနခွဲ Sub- Center ဖွင့်လှစ်ခွင့်ရမည်ဆိုလို့ရှိရင်တော့ ဒီကျေးရွာအပါအဝင် ကျေးရွာပေါင်း (၇) ရွာ၊ အိမ်ခြေ (၅၁၇) အိမ်၊ လူဦးရေ (၂၉၁၁) ဦး၊ (၁) နှစ်အောက်ကလေး (၅၀) ဦး၊ (၅) နှစ်အောက်ကလေး (၂၅၀) ခန့်၊ ကိုယ်ဝန်ဆောင်မိခင် (၆၀) တို့ကို ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုလွှမ်းခြုံပေးနိုင်မှာဖြစ်ပါတယ်။

     ထို့ကြောင့် ကျွန်တော့်အနေနဲ့ကတော့ ဒီငါးဇင်းရိုင်းကျေးလက်ကျန်းမာရေးဌာနခွဲ Sub- Center သည် လက်ရှိအခြေအနေတွင် လူဦးရေပေါင်း (၄၀၀၀) ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေရတဲ့အတွက် ဝန်နှင့်အားမမျှဖြစ်နေတာကိုတွေ့ရပါတယ်။ ကျေးလက် ကျန်းမာရေးဌာနခွဲ တိုးချဲ့ဖွင့်လှစ်ပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပိုမိုထိ ရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်တဲ့အတွက် စဉ့်တူကန်ကျေးရွာတွင် ကျေးလက်ကျန်းမာ ရေးဌာနခွဲ တိုးချဲ့ခွင့်ပြုသင့်ကြောင်းကိုလည်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူးက ကျွန်တော်တို့ကိုထောက်ခံတင်ပြထားတဲ့အတွက် စဉ့်တူကန်ကျေးရွာမှာ ကျေးလက်ကျန်းမာ ရေးဌာနခွဲအသစ်တိုးချဲ့ဖွင့်လှစ်ရဖို့အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် နှစ်စဉ်စီမံ ကိန်းများတွင်ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးတော့မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ ပြီးအောင်တစ်ခါတည်းပဲအပြီးထည့်ပေးမည် ဖြစ်ကြောင်းပြောကြားရင်း လေးစားစွာတင်ပြ အပ်ပါတယ်ခင်ဗျား။

     အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

More Tags