ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏ ကျန်းမာရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်သက်ဆိုင်သော အကြောင်းအရာများ ပြန်လည်ဖြေကြားချက်

      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော် ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဖြစ်ပါတယ်။

     ကျန်းမာရေးမှူးများအပါအဝင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အကာအကွယ်ရရှိနိုင်ရေးအတွက်လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှု ပိုမိုပီပြင်စေရန်အတွက် လည်းကောင်း၊ လိုအပ်သည့်ဥပဒေများကို ပြဌာန်းပေးရန် အစီအစဉ်ရှိပါသလား၊ အစီအစဉ်မရှိသေးပါက ၎င်းတို့အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်ရေး ဆောင်ရွက်ပေးနိုင်ပါမည်လား သိရှိလို ခြင်းစပ်လျဉ်းသည့် မေးခွန်းကို ကြိုးစားပြီးဖြေပါမယ် ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ၅ မိနစ်ထက် ၁မိနစ်ခန့်တော့ပိုမယ်လို့ထင်ပါမယ်။ ကြိုးစားပြီး ကျွန်တော်ဖြေပါမယ်။

        ၁။ ဤမေးခွန်းမှာ အခြေခံကျန်းမာရေးဝန်ထမ်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် အလွန့်အလွန်အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ နိုင်ငံအတွက်လည်း အလွန်အရေးကြီးတဲ့မေးခွန်း ဖြစ်တဲ့အတွက် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ကျင့်သုံးလျှက်ရှိတဲ့ ဥပဒေပေါင်း (၂၃)ခုရှိပါတယ်။ အသစ်ပြဌါန်းရန် စီစဉ်တဲ့ဥပဒေ(၈)ခု ရှိပါတယ်။ ဒီဥပဒေထဲမှာ လက်ထောက်ကျန်းမာရေးမှူးများအတွက် လုပ်ငန်းခွင်လုံခြုံရေးကို ကာကွယ်ဖို့ ဥပဒေမပါပါဘူး။ အလားတူစွာပဲ ဆရာဝန်၊ သူနာပြုဆရာမနှင့် ဝန်ထမ်း များအတွက်ကိုလည်း ကာကွယ်သည့် ဥပဒေဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ပထမဆုံး အကျဉ်းအရ ဆရာဝန်များအတွက်ကတော့ (၂၀၁၂)ခုနှစ်က လွှတ်တော်မှာလည်း ဆွေးနွေးသွားပါတယ်။ Medical Protection Society ဆိုတာဖွင့်ဖို့ ဒီကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ မြန်မာနိုင်ငံ Medical ကောင်စီနှင့် ဆွေးနွေးလုပ်တာ မပြီးသေးပါဘူး။ မပြီးသေးတဲ့အတွက် ကျွန်တော် မနေ့ကပဲ မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဌနှင့် စကားပြောပါတယ်။ ဒါကိုသူတို့ အမြန်ဆုံး လုပ်ဖို့လိုပါတယ်။ ကြာတဲ့ကြာရခြင်း အကြောင်းအရင်းကတော့ နိုင်ငံခြားမှာ ဒီလို Medical Protection Society လုပ်မယ်ဆိုရင် သူက ဆရာဝန်တွေက ပိုက်ဆံပေးပြီး insurance ယူရပါတယ်။ အဲဒီကိစ္စမှာ မပြတ်သေးတဲ့အတွက် Medical Protection Society ဖြစ်မလာသေးပါဘူး။ ထို့အပြင် ဒီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး မေးသကဲ့သို့ ကျန်းမာရေးမှူးများ ဆေးကုသမှုများကြောင့် ဖြစ်ပေါ်လာသော ကိစ္စများနှင့်ပတ်သက်၍ အခြေခံကျန်းမာရေး ဝန်ထမ်းများ လုပ်ငန်းခွင်တွင် အရေးပေါ်ဆေးကုသမှုများ မဖြစ်မနေ ဆောင်ရွက်ရတဲ့အခါမှာတော့ ပြဿနာတစ်စုံတစ်ယောက် ပေါ်ပေါက်လာရင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညှိနှိုင်း ဖြေရှင်းပေးပါတယ်။ သို့သော်လည်း ဒီနေရာမှာ ပြဿနာဆိုသည်မှာ (Ethics) ကျင့်ဝတ်နှင့် ဖြစ်သည့် ပြဿနာ (negligence) ကြောင့် ဖြစ်တဲ့ပြဿနာဆိုလို့ရှိရင် အရေးယူပါတယ်။ သို့သော်ကျွန်တော် ခုယခင်ထိ ကျန်းမာရေးမှူးနှင့် ပြည်သူများနှင့် ပြဿနာဘာမှကြီးကြီးကျယ်ကျယ် မရှိတာတွေ့ရှိရပါတယ်။ နံပါတ် (၂)ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးမေးတဲ့ ကျန်းမာရေးမှူးများ ဆေးကုသမှုနှင့်ပတ်သက်၍ ကျွန်တော် ဖြေကြားပါမယ်။ ဒါအရေးကြီးပါတယ်။

     ၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဟာ လက်ထောက်ကျန်းမာရေးမှူးအပါအဝင် အခြေခံကျန်းမာရေးဝန်ထမ်းအားလုံးအတွက် အလုပ်ဝတ္တရားနှင့် လုပ်နည်း လုပ်ဟန်များနှင့် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ခေတ်စနစ်နှင့်အညီ ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တင်ပြချက်ကဲ့သို့ လက်ထောက်ကျန်းမာရေးမှူးများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များ ကို Standard Treatment Guideline မဟုတ်ပါဘူး (Standard Operating Procedure) နှင့် လုပ်ပါတယ်။ ကျွန်တော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဖြစ်တဲ့အခါမှာ ကျွန်တော်ချက်ချင်းကြည့်လိုက်တဲ့အခါ ဝန်ကြီးဖြစ်ပြီး (၆)လလောက်မှာ ပြန်ကြည့်တဲ့အခါမှာ ကျွန်တော် စာအုပ်တွေကို တွေ့ပါတယ်။ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန် ဝတ္တရားနှင့် လုပ်နည်း၊ လုပ်ဟန်များတဲ့၊ ဒါ ဆဌမအကြိမ်ထိ ထုတ်ထားပါပြီ။ သို့သော် (၂၀၀၈)က ထုတ်တဲ့စာအုပ်ဖြစ်တဲ့အတွက် ဒီစာအုပ်သည် အခုခေတ်အခြေအနေမှာ လုံးဝအသုံးမဝင်တော့ ဒါကြောင့် ဒါကို အမြန်ဆုံး update လုပ်ဖို့ ပြောခိုင်းထားပါတယ်။ အဲတော့ ဒီစာအုပ်မှာဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ လက်ထောက်ကျန်းမာရေးမှူးရဲ့ အဓိကတာဝန် (၃)ရပ် ရှိပါတယ်။ (၁) အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး၊ (၂)က ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးနှင့် ရောဂါကာကွယ်ရေး၊ (၃)က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ဆေးကုသခြင်းဆိုတဲ့ အချက် (၃)ချက်ရှိပါတယ်။ ဒီကိစ္စမှာ ဆေးကုသတဲ့ ပြဿနာဆိုရာက ဆေးကုသခြင်းဆိုရာ၌ (၁) ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရောဂါကို စောစီးစွာကုသနိုင်ရေး၊ အချိန်မီ လွှဲပြောင်းနိုင်ရေးအတွက် ဆေးကုသခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် အခကြေးငွေယူလို့မရပါဘူး။ သက်ဆိုင်ရာစီမံချက်များ၏ ညွှန်ကြားချက်အတိုင်းပဲ ပြုလုပ်ရပြီးတော့ ဆေးဝါးကုတဲ့အခါမှာ ပိုက်ဆံ လုံးဝ ယူလို့မရပါဘူး။ ကျန်းမာရေးမှူးမှ လုပ်ငန်း(၁၃)ချက်ရှိပါတယ်။ (၁၃)ချက်မှာ ဆေးကုသခြင်းနဲ့ဆိုင်တဲ့အချက်က (၄)ချက်ရှိပါတယ်။ (၁) အရေးပေါ်လူနာများကို ရာဇဝတ်မှုမှအပ လိုအပ်သလိုကုပြီး နီးစပ်ရာ တိုက်နယ်ဆေးရုံ (သို့မဟုတ်) မြို့နယ်ဆေးရုံကို ဆက်လက်လွှဲရပါတယ်။ ဆက်မကုရပါ။ (၂) ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်တဲ့အခါ ချက်ချင်းကုသပေးရန်လိုသည့် လူနာများကိုတော့ ကုသပေးရပါတယ်။ (၃) မြွေကိုက်လူနာများကို ​မြွေဆိပ်ဖြေဆေးထိုးပြီး နီးစပ်ရာဆေးရုံသို့ ပို့ပေးရပါတယ်။ (၄) ထိုသို့ ဆေးကုသရာ၌ မိမိအား သင်ကြားထားသည့်အဆင့်နှင့် တာဝန်ပေးချက်အတိုင်း ဆောင်ရွက်ရတာဖြစ်ပါတယ်။

     ၄။ ယခုအခါ အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အလုပ်တာဝန်ဝတ္တရားနှင့်ပတ်သက်ပြီး လုံးဝခေတ်မမီတော့တဲ့အတွက် ကျွန်တော် (၂၀၁၆)ခုနှစ် ကျွန်တော် ဝန်ကြီးစဖြစ်တဲ့အချိန်ကစပြီးတော့ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ စီမံချက်မန်နေဂျာများနှင့် အလုပ်ရုံဆွေးနွေးပွဲများ အခါခါပန်လုပ်ပြီးတော့ ဒါ(မူကြမ်း)စပြီး ထွက်နေပြပါပြီ။ အဲဒီတော့ နောက်ဆုံး အကြိမ်အနေနဲ့ ဒီမှာပါတဲ့ဟာကို ကျွန်တော် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) မှာပါတဲ့အချက်အနေနဲ့ လိုက်လျောညီထွေဖြစ်အောင်လို့ နောက်ဆုံးအကြိမ် ကျွန်တော်တို့ တိုင်းဒေသကြီး/ ပြည်နယ် (၁၇)ခုကနေ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်း (၇၀)ဦးတို့နှင့် အလုပ်ရုံဆွေးနွေးပွဲကို ဒီလ(၈-၆-၂၀၁၇)ရက်နေ့မှ (၁၀-၆-၂၀၁၇)ရက်နေ့အထိ နေပြည်တော် တွင် ကျင်းပပြုလုပ်ထားပြီးတော့ ဒီစာအုပ်မှာပါတဲ့အချက်ကို ခေတ်နှင့်လိုက်လျောညီအောင် ပြုလုပ်ဖို့ လိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့ ဒီစာအုပ် စာမျက်နှာ ၁၀၀ မှာ ပါပါတယ်။ လက်ထောက်ကျန်းမာရေးမှူးများ၏ တာဝန်အားလုံးဒီမှာ အသီးသီးရှိပါတယ်။ သို့သော် ဒီတာဝန်များဟာ လွန်ခဲ့တဲ့ (၂၀၀၈)ခုနှစ်က ရေးထားတဲ့ဟာဖြစ်တဲ့အတွက် အခုခေတ်ကာလနှင့် ညီအောင် ကျွန်တော်တို့ ပြန်လည်လုပ်ပါမယ်။ အဲဒီတော့ အထူးသဖြင့် လက်ထောက်ကျန်းမာရေးမှူးများ၏ လုပ်ငန်းများကို ပြင်ဆင်သတ်မှတ်ရာတွင် ကျွန်တော် မြန်မာနိုင်ကျန်းမာရေးမှူးကောင်စီ ဥပဒေ(မူကြမ်း)မှာ အချက်တွေလည်း စဉ်းစားရမယ်။ ဒီမူကြမ်းဟာ မပြီးသေးပါဘူး။ ကျွန်တော်တို့ ဒီအလုပ်ရုံဆွေးနွေးပွဲပြီးလို့ရှိရင်တော့ ကျွန်တော် သတ္တမအကြိမ် ဒီစာအုပ်ကို ထုတ်ပါမယ်။ ထုတ်ရင် ဒီထဲကအတိုင်း ကျန်းမာရေးမှူးတွေ၊ သူနာပြု၊ သွားဖွားတွေ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာဝန် (Township Health Officer)တွေက ဒီအတိုင်းလုပ်ရမှာပါ။ (၅) မြန်မာနိုင်ငံကျန်းမာရေး ကောင်စီနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးတဲ့အတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့က ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဒါကို ရေးဆွဲပါတယ်။ ရေးဆွဲပြီး ဒါကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပို့ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေပြီးတော့ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ခိုင်းပါတယ်။ ပြင်ဆင်ခိုင်းတဲ့အခါမှာလည်း ကျွန်တော်တို့ ကျန်းမာရေးမှူးအသင်းနဲ့ ညှိနှိုင်းပါတယ်။ ညှိပြီးပြင်ဆင်ပါတယ်။ ပြင်ဆင်တဲ့အခါမှာ ကျွန်တော်တို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို နောက်ဆုံးအကြိမ် ပြန်လည်ပို့ထားပြီးဖြစ်ပါတယ်။ ဒါပြန်ကျလာတဲ့ အခါမှာ သူ့ရဲ့ထုံးစံအတိုင်း သူ့လုပ်ထုံးလုပ်နည်းအတိုင်း ကျွန်တော်တို့ စည်း/ကော်ကို တင်မယ်။ စည်း/ကော်ကနေပြီးတော့ အစိုးရအဖွဲ့တင်မယ်။

     အစိုးရအဖွဲ့ကနေပြီး လွှတ်တော်လာမယ်။ ကြားမှာလိုအပ်လို့ရှိရင်တော့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဒီမှာ သူ့ Flow Chart ရှိပါတယ်။ Flow Chart အတိုင်းလုပ်မှာ။ လိုအပ်လို့ရှိရင်တော့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ ဖိတ်ကြားပြီး ဒီအဖွဲ့ဝင်များနှင့် တိုင်ပင်ပြီးရေးဆွဲမှာပါ။ ဒီကောင်စီ ဥပဒေကြီး ထွက်သွားလို့ရှိရင်လည်း ကျွန်တော်တို့ ကျန်းမာရေးမှူးများအနေနဲ့ ကျန်းမာရေးမှူးများကောင်စီလည်း ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။ အဲဒီတော့ ကျွန်တော်အနေနဲ့က နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဒီလိုလုပ်တဲ့အခါမှာ ကျန်းမာရေးမှူးများအတွက် protection ဆိုလို့ရှိရင်တော့ ကျန်းမာရေးမှူးများအသင်း ဖြစ်ပေါ်လာမည့် ကျန်းမာရေးမှူးများကောင်စီနှင့်တွဲလုပ်မယ်။ ဆရာဝန်များအသင်းအတွက် ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ မြန်မာနိုင်ငံ Medical Council နဲ့ တွဲလုပ်မယ်။ သူနာပြု၊ သားဖွားနဲ့ဆိုလို့ရှိရင်အတွက် protection အတွက်ဆိုလို့ရှိရင် တော့ သူနာပြု၊ သားဖွားအသင်းနှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီနဲ့ တွဲလုပ်မယ်။ အဲဒီတော့ ဒါကို ကျွန်တော်တို့ အဖြစ်နိုင်ဆုံးလုပ်မယ်။ ဘာကြောင့် ကျွန်တော်ဒီလိုပြောရသလဲဆိုရင် ကျွန်တော် ဆရာဝန်၊ ဆရာမတွေ၊ သူနာပြုတွေ၊ အကုန်ုလုံး အလွန့်အလွန် ကောင်းတဲ့အလုပ်တွေလုပ်သော်လည်း တစ်ခါတလေ မှားတဲ့အချက်ကလေးတွေ ရှိသွားပါတယ်။ အဲဒီမှားတဲ့အချက် ကလေးတွေကို ကျွန်တော်တို့က အများကြီး အကြီးချဲ့တဲ့အခါကျတော့ ဆရာဝန်ထုတစ်ခုလုံး၊ ကျန်းမာရေးမှူးထုတစ်ခုလုံး၊ သူနာပြုထုတစ်ခုလုံးကို ထိခိုက်တဲ့အတွက် ဥပဒေလို့ရှိရင်တော့ ကျွန်တော် တို့ကို ကာကွယ်ပေးတဲ့ဥပဒေဖြစ်တဲ့အတွက် အမြန်ဆုံးလုပ်မည်ဖြစ်ကြောင်း လေးစားစွာတင်ပြ ဒီမေးခွန်းကို ဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား။

More Tags