ရှမ်းပြည်နယ်၊ အမှတ်(၁၁)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးကျော်နီနိုင်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး - ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာ ပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဖြစ်ပါတယ်။

     ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (၁၆)ခုတင်ဆံ့ ချင်းရွှေဟော် ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ် -

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၂၁-၇-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၇)မှ သဘောတူညီခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၂၅-၈-၂၀၁၇)ရက်စွဲပါစာဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ပါတယ်။ (၂၈-၉-၂၀၁၇)ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၇)၌ (၁၆) ခုတင်မှ (၂၅)ဆံ့ဆေးရုံအဖြစ် ခုတင်အဆင့်မြှင့်တင်ရန် ခွင့်ပြုပြီး ဖြစ်ပါသဖြင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်ထုတ်ပြန်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုက်လျောညီထွေဖြစ်သော အဆောက်အဦများ တိုးချဲ့ဆောက်လုပ်ပေးနိုင်ရေးအတွက် ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ရန်ပုံငွေအဆိုပြုတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags