ရှမ်းပြည်နယ် ၊ မိုင်းကိုင်မဲဆန္ဒနယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်း၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ၊ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်များခင်ဗျား- အားကစားကဏ္ဍနှင့် ပတ်သက်၍ ဦးစီးဌာနမရှိသေးသော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဖွင့်လှစ်ပေးနိုင်ရေးအတွက် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို ကျွန်တော် ဖြေကြားမည် ဖြစ်ပါတယ်။

     ၁။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ ပြည်သူများကျန်းမာကြံ့ခိုင်နိုင်စေရန် ရောဂါရှာဖွေရေး၊ ကုသတိုက်ဖျက်ရေးနှင့်ဆိုင်ရာ ဆေးရုံ၊ ဆေးပေးခန်းနှင့် ဆောင်ရွက်နေတာ လုံးဝမပြည့်စုံဘူးဆိုတာ ကျွန်တော်တို့ လုံးဝထောက်ခံပါတယ်။ ကျန်းမာကြံ့ခိုင်သန်စွမ်းရေး၊ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မားရေးအတွက် အားကစားကဏ္ဍဟာ မရှိမဖြစ်လိုအပ်လျက်ရှိပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ အားကစားမှူးများ ခန့်ထားနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် အဓိကက ပြည်သူများ အားကစားလုပ်ချင်စိတ်ရှိအောင် အမျိုးမျိုးသောနည်းလမ်းနဲ့ ကျွန်တော်တို့ လုပ်ဆောင်လျက်ရှိပါတယ်။ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှာ အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် ဖွဲ့စည်းပုံတွင် ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ အရာထမ်း(၁)နေရာ၊ အမှုထမ်း(၅)နေရာ စုစုပေါင်း(၆)နေရာ၊ သို့သော် လောလောဆယ်ဝန်ထမ်းများ ခန့်အပ်နိုင်ခြင်းမရှိပါ။ အရာထမ်း (၁)နေရာအတွက်ကိုတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ မေလ (၂၉) ရက်နေ့က တက်နေပါတယ်။ စက်တင်ဘာ (၁၅)ရက်နေ့မှာ ပြီးမှာ ဖြစ်ပါ တယ်။ အရာထမ်းလောင်းအခြေခံသင်တန်း ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) (Postgraduate Diploma in Civil Service Management Course Batch No.2)သို့ တက်ရောက်နေပါတယ်။ သင်တန်းပြီးလို့ရှိရင် အဲဒီထဲက အမျိုးသားအားကစားမှူး (၃)ဦးပါပါတယ်။ အမျိုးသမီး (၅)ဦးပါပါတယ်။ အဲဒီထဲက အမျိုးသား (၃)ဦးထဲက သင့်လျော်သောအမျိုးသား (၁)ဦးကို ဦးစားပေးပြီး ခန့်သွားမှာ ဖြစ်ပါတယ်။ အမှုထမ်းရာထူးများအတွက်ကတော့ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်သည် ဝေးလံဒေသဖြစ်၍ ဒေသခံများနှင့်သာ သင့်လျော်တဲ့အတွက်ကြောင့် ဒေသခံများထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ ဒေသခံများလျှောက်ထားပါက ကျွန်တော်တို့ ခန့်အပ်မည် ဖြစ်ကြောင်း ပြောကြားအပ်ပါသည်။

အားလုံးကျေးဇူး တင်ပါတယ် ခင်ဗျား။

More Tags