မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၏ ပျားစည်တိုက်နယ်ဆေးရုံအား (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်း ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပျားစည်တိုက်နယ်ဆေးရုံအား (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ(၁)ရုံ ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်မည်ကို ဖြေကြားမည်ဖြစ်ပါတယ် -

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပျားစည်ကျေးလက် ကျန်းမာရေးဌာနကို ကျွန်တော်တို့ ဆန်းစစ်ကြည့်တဲ့အခါမှာ ကျန်းမာရေးမှူး (၁)ဦးရှိပါတယ်။ သားဖွားဆရာမ (၆)ဦးရှိရမယ့် နေရာမှာ (၃)ဦးရှိပါတယ်။ ဒီကျေးလက်ကျန်းမာရေးဌာနရဲ့ လူနာနှုန်းတွေ ကျွန်တော်တို့ကြည့်ပါတယ်။ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေကို ကြည့်တဲ့အခါမှာ တော်တော်တက်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာဆိုလို့ရှိရင် ကျေးလက်ကျန်းမာရေးဌာနကို အထွေထွေဆေးခန်း လာပြတဲ့လူနာပေါင်း (၄၉၇၇)ဦးရှိပြီး အထက်အဆင့်ကို လွှဲပြောင်းတဲ့ လူနာမှာ (၂၅၁)ဦးရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒီ (၂၅၁)ဦးသည် အကယ်၍သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့အတိုင်း ဒီမှာ (၁၆)ခုတင်ဆံ့ဆေးရုံ ဆောက်ပေးမယ်ဆိုရင် ဒီ(၂၅၁)ဦးသော လူများသည် ဆက်လက်ပြီးသွားစရာမလိုဘဲ ဒီပျားစည်မှာတင် ကုသမှုရဖို့ရှိပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်လေ့လာ သုံးသပ်တဲ့အခါမှာ (၂၈-၁-၂၀၁၅)ရက်စွဲပါနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ (၁-၁-၂၀၁၅)ရက်နေ့ အစည်းအဝေးအမှတ်(၁/၂၀၁၅)အရ ပျားစည်တိုက်နယ်ဆေးရုံ ဖွဲ့စည်းခွင့်အမိန့်ကတော့ ကျပြီးဖြစ်ပါတယ်။ သို့သော်လည်း ဒီဖွဲ့စည်းမိန့်ကျသော်လည်း အဆောက်အဦနဲ့လူက မရသေးပါဘူး။ မခန့်ထားနိုင်သေးပါဘူး။ ဆိုလိုတာက ကျွန်တော်တို့က ဘဏ္ဍာငွေကို မတောင်းရသေးဘူးဖြစ်နေပါတယ်။ ကျွန်တော်တို့ ဘဏ္ဍာငွေတောင်းတဲ့ ကိစ္စနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆေးရုံများ အသစ်ဆောက်လုပ်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ စံကိုက် (၁၆)ခုတင် တိုက်နယ်ဆေးရုံနှင့် အခြားဆေးရုံဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းကို ရတဲ့ဘဏ္ဍာငွေပေါ်မှာမူတည်ပြီး ကျွန်တော်တို့က ဦးစားပေးလုပ်ပါတယ်။ လုပ်တဲ့အခါမှာ (၁)နှစ်ကို တိုက်နယ်ဆေးရုံ (၄၀) လောက်ပဲ တိုးလို့ရပါတယ်။ အဲဒီတော့ ဒီ(၄၀)တိုးတဲ့အထဲမှာ ပျားစည်က ဦးစားပေးအဆင့်မှာ မပါသွားတဲ့အတွက်သာလျင် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှာ မပါဘူးဖြစ်ပါတယ်။ သို့သော် လူနာအခြေ အနေအရ ခုနက လွှဲပြောင်းလူနာ (၂၅၁)ဦးဖြစ်တဲ့အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်မှာ မပါဘူးဖြစ်ပါတယ်။ သို့သော် လူနာအခြေအနေအရ ခုနက လွှဲပြောင်းလူနာ (၂၅၁)ဦး ဖြစ်တဲ့အတွက် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် အဆိုပြုတင်ပြ တောင်းခံသွားပြီး ရန်ပုံငွေ ရရှိတာနှင့်တပြိုင်တည်း ကျွန်တော်တို့ ဒီဟာကို ဆောက်တဲ့ကိစ္စ၊ ဝန်ထမ်းများချတဲ့ကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

 

 

 

 

 

 

More Tags