မွန်ပြည်နယ်၊ အမှတ်(၄)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေး၏ ကြယ်ပွင့်ပြမေးခွန်း ပြန်လည်ဖြေကြားချက်

     ချောင်းဆုံမြို့နယ်အတွင်းရှိ တော်ကနာ၊ ဒေါင်းဥ၊ ကုလားတို့၊ တောင်စွန်း၊ ကွမ်လှာနှင့် အဘစ်ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦများကို (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ပတ်သက်၍ -

     ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန (၃)ခု၊ ကျေးလက်ကျန်းမာရေးဌာန(၄)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၀)နှင့် မိခင်ကလေးကျန်းမာရေးဌာန (၁)ခုတို့ဖြင့် လူဦးရေစုစုပေါင်း (၁၅၈,၆၆၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဖော်ပြပါဌာနများအနက် အဆောက်အဦ ဆောက်လုပ်ပြီးစီးသော တိုက်နယ်ကျန်းမာရေးဌာန (၃)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၄)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၄)ခုရှိပြီး အဆောက်အဦ မရှိသေးသော ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၆)ခုရှိပါတယ်။

  ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများ အဆောက်အဦအသစ်ဆောက်လုပ်ရန် နှစ်စဉ်စီမံကိန်းများရေးဆွဲ၍ ဆောင်ရွက်လျက်ရှိပါတယ်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တော်ကနာကျေးလက်ကျန်းမာရေးဌာနခွဲသည် မုဒွန်းကျေးလက်ကျန်းမာရေးဌာနအပိုင်၊ ဒေါင်းဥကျေးလက်ကျန်းမာရေးဌာနခွဲသည် ဒရယ်ကျေးလက်ကျန်းမာရေးဌာနအပိုင်နှင့် ကုလားတို့ကျေးလက် ကျန်းမာရေးဌာနခွဲသည် သက္ကောကျေးလက် ကျန်းမာရေးဌာနအပိုင်အောက်တွင် ရှိပြီး ၎င်းတို့ ဌာနခွဲ(၃)ခုလုံးတွင် မြေပိုင်ဆိုင်မှုရှိပြီး သားဖွားဆရာမ (၁)ဦးနှင့် ကြီးကြပ်(၂)တစ်ဦးစီ ဖွဲ့စည်းပုံအပြည့် ခန့်ထားပါတယ်။ အဆိုပါ တော်ကနာ၊ ဒေါင်းဥ၊ ကုလားတို့ ကျေးလက်ကျန်းမာရေးဌာနခွဲများကို စံကိုက်အဆောက်အဦ ဆောက်လုပ်ရန် (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း ငွေလုံးငွေရင်းအသုံးစရိတ်တွင် အဆိုပြုတင်ပြတောင်းခံထားပြီးဖြစ်ပါတယ်။

   တောင်စွန်းကျေးလက်ကျန်းမာရေးဌာနခွဲသည် ဒရယ်ကျေးလက်ကျန်းမာ ရေးဌာနအပိုင်၊ ကွမ်လှာနှင့် အဘစ်ကျေးလက်ကျန်းမာရေးဌာနခွဲသည် ကမာကေးကျေးလက်ကျန်းမာရေးဌာနအပိုင်တွင်ရှိပြီး ၎င်းတို့ ဌာနခွဲ(၃)ခုလုံး တွင်လည်း မြေပိုင်ဆိုင်မှုရှိပြီး သားဖွားဆရာမ (၁)ဦးနှင့် ကြီးကြပ်(၂)တစ်ဦးစီ ဖွဲ့စည်းပုံအပြည့် ခန့်ထားပါတယ်။ အဆိုပါ တောင်စွန်း၊ ကွမ်လှာနှင့် အဘစ် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် စံကိုက်အဆောက်အဦများ ဆောက်လုပ်ပေးရန် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်စဉ်စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေး အစီအစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ အဆိုပါကျေးလက်ကျန်းမာရေးဌာနခွဲများတွင် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ လုံလောက်စွာရရှိရေးအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှတစ်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags