မွန်ပြည်နယ်၊ အမှတ်(၃)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦး၏ ကြယ်ပွင့်ပြမေးခွန်းအားပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသောအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်းဦးစွာပထမ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးဖြစ်ပါတယ်။

     မွန်ပြည်နယ်၊ အမှတ်(၃)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်ဇော်ဦး၏ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာအုပ်စု၊ နွတ်အောက်ရွာနှင့် ကော့ကလော့ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဆောက်လုပ်ပေးပါရန် အစီအစဉ်ရှိမရှိ မေးမြန်းခြင်းနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန (၁)ဌာန၊ ကျေးလက်ကျန်းမာရေးဌာန(၆)ဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ(၃၁)ခု၊ မိခင်ကလေးကျန်းမာရေးဌာန (၁)ခု၊ ရှိပါသည်။ ပြည်သူ့ကျန်းမာရေးဝန်ထမ်းအင်အားမှာ လက်ထောက်ကျန်းမာရေးမှူး (၇)ဦး၊ ကျန်းမာရေးမှူး(၃) (ကြီးကြပ်-၁) (၃)ဦး၊ သူနာပြု(၃) (ကျန်းမာရေးဆရာမ) (၇)ဦး၊ သူနာပြု(၄) (သားဖွားဆရာမ) (၅၀)ဦး၊ ကျန်းမာရေးမှူး (၄) (ကြီးကြပ်-၂) (၂၈)ဦးတို့ဖြင့် လူဦးရေစုစုပေါင်း (၂၂၉,၃၀၀)ဦးတို့အား ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။

     အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်ဇော်ဦး၏ “ကျိုက်မရောမြို့နယ်၊ ကျုံကွယ်ကျေးရွာအုပ်စု၊ နွတ်အောက်ကျေးရွာနှင့် ကော့ကလော့ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဆောက်လုပ်ပေးပါရန် အစီအစဉ်ရှိမရှိ” မေးခွန်းအား ဖြေကြားရန်အတွက် ပြန်လည်စိစစ်ရာတွင် ကျုံကွယ်ကျေးရွာအုပ်စု၊ နွတ်အောက်ကျေးရွာနှင့် ကော့ကလော့ကျေးရွာအုပ်စုရှိ မြွေဟောက်ကျေးရွာများသည် လက်ရှိကျေးလက်ကျန်းမာရေးဌာနခွဲဖွဲ့စည်းပုံ မရှိသေးသော ကျေးရွာများဖြစ်ကြောင်း စိစစ်တွေ့ရှိပါတယ်။ နွတ်အောက်ကျေးရွာသည် ဖာသိမ်ကျေးလက်ကျန်းမာ​ရေးဌာန၊ ကျုံကွယ်ကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး မြွေဟောက်ကျေးရွာသည် ပိန္နဲကုန်းကျေးလက်ကျန်းမာရေးဌာန၊ ကော့ကလော့ ကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင်ရှိသော ကျေးရွာတစ်ရွာဖြစ်ပါကြောင်းစိစစ်တွေ့ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားသော နွတ်အောက်ကျေးရွာနှင့် မြွေဟောက်ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဆောက်လုပ်ပေးနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် ဖွဲ့စည်းပုံရှိရန်ဦးစွာလိုအပ်သည်ဖြစ်ရာ နွတ်အောက်ကျေးရွာနှင့် မြွေဟောက်ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ခွင့်ပြုမိန့်ရရှိရန် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ တင်ပြစီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

     မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆက်သွယ်စိစစ်ရာတွင် နွတ်အောက်ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ်ဖွင့်လှစ် ခွင့်ရရှိပါကကျေးရွာ(၅)ရွာ၊ အိမ်ခြေပေါင်း(၆၈၂)၊ လူဦးရေ (၅၉၅၁) ဦး အားကျန်းမာရေးစောင့်​ရှောက်မှုပိုမိုလွှမ်းခြုံပေးနိုင်မည်ဖြစ်ပြီး မြွေဟောက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ်ဖွင့်လှစ်ခွင့်ရရှိပါက ကျေးရွာ(၄)ရွာ၊ အိမ်ခြေပေါင်း (၄၇၃)၊ လူဦးရေ(၂၇၄၁)ဦးအား ကျန်းမာရေးစောင့်​ရှောက်မှု ပိုမိုလွှမ်းခြုံပေးနိုင်မည်ဖြစ်ကြောင်း၊ အဆောက်အဦဆောက်လုပ်ရန် နွတ်အောက်ကျေးရွာတွင် မြေဧက (၁၀၀)ပေ ပတ်လည်နှင့် မြွေဟောက် ကျေးရွာတွင် မြေ(၀.၂၃)ဧကလျာထားပြီးဖြစ်ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ရန် အခြေခံမူဝါဒများနှင့်လည်း ကိုက်ညီမှုရှိပြီးမြေပြင်ပကတိအခြေအနေရလည်းလိုအပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားသော နွတ်အောက်ကျေးရွာနှင့် မြွေဟောက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိပြီးပါကစံကိုက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦကိုဆောက်လုပ်ရန် (၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလျာထားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

     မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အဦလိုအပ်လျက်ရှိသော နိကုံ၊ တောင်ကလေး၊ ကော့စပ်ကျေးရွာများတွင် ဆောက်လုပ်ပေးနိုင်ပါရန်နှင့် ဝန်ထမ်းအိမ်ယာလိုအပ်လျက်ရှိသော မီးကသစ်၊ အလှကုန်၊ ကဒါ၊ ဖနုံ၊ မရင်းကုန်း၊ ဦးလေးရွာများအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်-

     အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသော မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ၊ နိကုံ၊ တောင်ကလေး၊ ကော့စပ် ကျေးလက်ကျန်းမာရေးဌာနခွဲ (၃) ခုတွင် စံကိုက်ကျေးလက် ကျန်းမာ ရေးဌာနခွဲ အဆောက်အဦဆောက်လုပ်ရန် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေး နှစ်မှစတင်၍ လည်းကောင်း၊ ဝန်ထမ်းအိမ်ယာလိုအပ်လျက်ရှိသော မီးကသစ်၊ အလှကုန်၊ ကဒါ၊ ဖနုံ၊ မရင်းကုန်း၊ ဦးလေး ကျေးလက်ကျန်းမာရေးဌာနခွဲ (၆) ခုတွင် ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်အတွက် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍လည်းကောင်း နှစ်စဉ် စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားအပ်ပါတယ်။

     အားလုံးကိုကျေးဇူးတင်ပါတယ်။

More Tags