မွန်ပြည်နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

  မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ -

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၂၀၁၇-၂၀၁၈) ခု၊ ဘဏ္ဍာရေးနှစ်၌ ဝန်ထမ်းအိမ်ရာများ တည်ဆောက် ရန်အတွက် ငွေကျပ်သန်းပေါင်း (၉၁၀၀) လျာထားတောင်းဆိုထားပါသည်။ အဆိုပါငွေဖြင့် ဝန်ထမ်းအိမ်ရာပေါင်း (၅) ထောင်ကျော် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ (၂၀၁၈-၂၀၁၉) ခု၊ ဘဏ္ဍာရေးနှစ်များတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် ဘဏ္ဍာငွေကို နှစ်ဆ သို့မဟုတ် သုံးဆ ပို၍ တင်ပြတောင်းခံမှာ ဖြစ်ပါတယ်။ အခြားအပိုင်းမှ ဘဏ္ဍာငွေကိုလျော့၍ စုစုပေါင်း တောင်းခံသည့် ဘဏ္ဍာငွေကို ပြောင်းလဲမှု မရှိရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာဆောက်လုပ်ရန်အတွက် (၂၀၁၇-၂၀၁၈) ခု၊ ဘဏ္ဍာရေးနှစ် အရ အသုံးခန့်မှန်းခြေငွေစာရင်း ငွေလုံးငွေရင်းအသုံးစရိတ်တွင် ပါဝင်ခြင်းမရှိ သော်လည်း (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ်စီမံကိန်းများတွင် ဝန်ထမ်းအိမ်ရာရရှိရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်နေပါသောကြောင့် ရန်ပုံငွေရရှိရေးအတွက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

 
 

More Tags