မွန်ပြည်နယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာအောင်ထွန်းခိုင်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလိုင်ကီးကျေးလက်ကျန်းမာရေးဌာနခွဲ (အသစ်)အား ပြည်ထောင်စုဘတ်ဂျက်မှ တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍ -

   မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူဦးရေ (၁၅၂၄၈၅)ဦး၊ နေထိုင်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ (၁)ရုံ၊ လမိုင်းတိုက်နယ်ဆေးရုံ၊ ကျောင်းရွာတိုက်နယ်ဆေးရုံ၊ ခေါဇာတိုက်နယ်ဆေးရုံနှင့် ဒူးယားတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ (၅)ရုံ၊ ကျေးလက်ကျန်းမာရေး ဌာန(၈)ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၃၇)ခု၊ မိခင်ကလေးကျန်းမာရေး ဌာန (၂)ခု ဖွင့်လှစ်ထားရှိပြီး ဆရာဝန် (၂၈)ဦး၊ သူနာပြု (၆၆)ဦး၊ ကျန်းမာရေးမှူး (၉)ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ (၁၀)ဦး၊ သားဖွားဆရာမ (၅၉)ဦး၊ ကျန်းမာရေးကြီးကြပ် (၂၀)ဦး၊ အခြားဝန်ထမ်း (၃၈)ဦး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

    နှစ်ကရင်ကျေးလက်ကျန်းမာရေးဌာနတွင် ကျေးလက်ကျန်းမာဌာနခွဲ (၅)ခု၊ ကျေးရွာ (၁၈)ရွာ၊ အိမ်ခြေစုစုပေါင်း (၅၂၀၄)အိမ်၊ လူဦးရေစုစုပေါင်း (၂၉၉၀၉)ဦးရှိပြီး လက်ထောက်ကျန်းမာရေးမှူး(၁)ဦး၊ အမျိုးသမီးကျန်းမာရေး ဆရာမ (၁)ဦး၊ သားဖွားဆရာမ (၇)ဦး၊ ကျန်းမာရေးကြီးကြပ် (၁)ဦး၊ စုစုပေါင်း(၁၀)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ​နှစ်ကရင်ကျေးရွာအုပ်စုသည် ရေးမြို့နယ်ပြည်သူ့ဆေးရုံနှင့် (၄၅)မိုင်၊ ကားလမ်းခရီးဖြင့် (၁)နာရီ (၃၀)မိနစ်၊ လမိုင်းတိုက်နယ်ဆေးရုံနှင့် (၁၅)မိုင်၊ ကားလမ်းခရီးဖြင့် (၄၅)မိနစ်ခန့် သွားလာရပါတယ်။ (၂၀၁၆)ခုနှစ်တွင် ဆေးခန်းလာ လူနာဦးရေမှာ တစ်နေ့ပျမ်းမျှ (၂၇)ဦးခန့်နှင့် အထက်အဆင့်သို့ လွှဲပြောင်းပေးသည့် လူနာစုစုပေါင်းမှာ (၁၆)ဦးသာရှိပါတယ်။ မြေပြင်လမ်းပန်း ဆက်သွယ်ရေး အခြေအနေများအရ အကျိုးပြုနိုင်မည့် ကျေးရွာ (၇)ရွာ၊ လူဦးရေ(၁၅၄၈၇)ဦးသာရှိကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ နှစ်ကရင် ကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် အစီအစဉ်မရှိသေးသော်လည်း နှစ်ကရင် ကျေးလက်ကျန်းမာရေးဌာနအား (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ အဖြစ်သို့ တိုးမြှင့်ရန် လိုအပ်မှု ရှိ / မရှိ ကိုလည်း ၎င်းကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လူနာစုစုပေါင်း တို့အား နှစ်အလိုက် ဆန်းစစ်၍ လိုအပ်မှုအတိုင်း အဆင့်မြှင့်တင်နိုင်ရေး ဆောင် ရွက်မည်ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမို လွှမ်းခြုံဆောင်ရွက်နိုင်ရန် လက်ရှိ ၎င်းကျေးလက်ကျန်းမာရေးဌာန၏ ဝန်ထမ်း အင်အားတွင် လစ်လပ်လျက်ရှိသော ပြည်သူ့ကျန်းမာရေးကြီးကြပ် -၂ (၆)ဦးရှိရာ ယခုဘဏ္ဍာနှစ်၌ တစ်နိုင်ငံလုံးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ကြီးကြပ် -၂ (၃၀၀၀)ဦး ခန့်အပ်မည်ဖြစ်ပါတယ်။ မွန်ပြည်နယ်အတွက် ခွဲတမ်းရရှိသော ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) (၁၂၀)ဦးအား အသစ်ခန့် အပ်ရန် (၆)လသင်တန်း စတင်တက်ရောက်နေပြီဖြစ်ပါတယ်။ ၎င်းတို့ထဲမှ ဦးစားပေးဖြင့် ဖြည့်ဆည်း ခန့်ထားပေးမည်ဖြစ်ပါတယ်။

    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးဝယ်ယူရန် အတွက် (၂၀၁၆-၂၀၁၇)ခု၊ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၂၃၈၅.၀၃)မှ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးဝါးနှင့်ဆေး ပစ္စည်းများအတွက် ငွေကျပ်(၈၇.၈၂)သန်းအား ခွဲဝေချထားပြီးဖြစ်ပါတယ်။ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများအား ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများအတွက် ဝယ်ယူဖြည့်တင်းပေးလျက်ရှိရာ နှစ်ကရင်ကျေးလက်ကျန်းမာ ရေးဌာနအတွက် လိုအပ်သော ဆေးဝါးနှင့်ဆေးပစ္စည်းများကို ဦးစားပေးအနေနဲ့ ဖြည့်တင်းပေးသွားမှာ ဖြစ်ပါတယ်။

   ပလိုင်ကီးကျေးရွာသည် တောင်ဘုံကျေးလက်ကျန်းမာရေးဌာနအောက်တွင် ရှိပါတယ်။ တောင်ဘုံကျေးလက်ကျန်းမာရေးဌာနနှင့် (၉)မိုင်၊ ဒူးယားတိုက်နယ် ဆေးရုံနှင့် (၅)မိုင်ကွာဝေးပြီး မိုးရာသီတွင် လမ်းများပျက်စီး၍ သွားလာရန် ခက်ခဲပါတယ်။ ပလိုင်ကီးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ် ခွင့်ရရှိပါက ကျေးရွာပေါင်း (၆)ရွာ၊ အိမ်ခြေ(၄၈၇)အိမ်၊ လူဦးရေ(၂၆၃၈)ဦးတို့ အား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံပေးနိုင်မည်ဖြစ်ပါတယ်။

   လက်ရှိအခြေအနေတွင် ပလိုင်ကီးကျေးလက်ကျန်းမာရေးဌာနခွဲအနေဖြင့် ဖွဲ့စည်းပုံရရှိခြင်း မရှိသေးပါသောကြောင့် ၎င်းကျေးရွာ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရန် တောင်ဘုံကျေးလက်ကျန်းမာရေး ဌာနမှ သားဖွားဆရာမ (၁)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် တွဲဘက်တာဝန်ချထားပေးထားပါသည်။ (၂၀၁၇-၂၀၁၈)ခု၊ ဘဏ္ဍာရေးနှစ်တွင် သူနာပြု(၄) သားဖွားဆရာမ (၁)ဦး၊ ကျန်းမာရေးမှူး (၄) (ကြီးကြပ်-၂) (၁)ဦး၊ စုစုပေါင်းကျန်းမာရေးဝန်ထမ်း (၂)ဦးဖြင့် ပါဝင်သော ကျေးလက်ကျန်းမာရေးဌာနခွဲ၏ ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ရရှိပြီးသောအခါ ဆက်လက်ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ၏ စံကိုက် အဆောက်အဦ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ (၂၀၁၈-၂၀၁၉)ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ဦးစားပေးအစီအစဉ်အလိုက် စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

More Tags