စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၏ ကြယ်ပွင့်ပြမေးခွန်းအား ပြန်လည်ဖြေကြားချက်

     လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ၊ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်များခင်ဗျား- ကျွန်တော်အနေနဲ့ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်အဆင့်တိုင်းရင်းဆေးရုံ ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ ဖြေကြားပေးမှာ ဖြစ်ပါတယ်။

     ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ဆေးကုသခန်းများ၊ ဆေးရုံများတိုးချဲ့ ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မည့်မြေနေရာ၊ ပတ်ဝန်းကျင်၌ အခြားတိုင်းရင်းဆေးခန်း၊ ဆေးရုံများရှိမှု၊ လူဦးရေသိပ်သည်းမှု၊ လိုအပ်သောမြေနေရာ၊ လမ်းပန်းဆက်သွယ်ရေးရှိမှု၊ ဝန်ထမ်းများရဲ့ လုံခြုံရေးအခြေအနေ၊ အထူးသဖြင့် မြန်မာ့တိုင်းရင်းဆေးအား နယ်မြေလူထုက ယုံကြည်မှု ရှိ/မရှိ၊ ဘဏ္ဍာငွေခွင့်ပြုမိန့် ရတဲ့အပေါ်မှာမူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ခြုံငုံသုံးသပ်ပြီးတော့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။

     ၂။ မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းဆေးရုံများ ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့အခါမှာ ကသာခရိုင်တည်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီးမှာဆိုရင် ဆေးရုံတွေအများဆုံးရှိပါတယ်။ မုံရွာမှာ ခုတင်(၅၀) ဆံ့ဆေးရုံ၊ မင်းကွန်းနှင့် မြင်းမူမြို့မှာ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၁)ရုံစီ ကလေးမြို့တွင် ဖွဲ့စည်းပုံကျပြီးသား (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၁)ရုံ၊ ရေဦး၊ ထီးချိုင့်၊ ကန့်ဘလူမြို့တွင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၁)ရုံစီရှိပါတယ်။ အခြားတိုင်းဒေသကြီး/ ပြည်နယ် များတွင် စုစုပေါင်း တိုင်းရင်းဆေးရုံက (၅)ရုံ အထိရှိပါတယ်။ ဒီမှာ (၈)ရုံအထိ ရှိနေပါတယ်။ ဒီမှာ ကသာမြို့နယ်တွင် ကသာခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးနှင့် ကသာမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ရှိပြီး ၂၀၁၆ ခုနှစ် အသေးစိတ်လေ့လာပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီလကနေ ၂၀၁၇ ခုနှစ်၊ မတ်လအထိကို ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသို၊ ထီးချိုင့်မှာ တိုင်းရင်းဆေးလာကုတဲ့လူနာကိုကြည့်တဲ့အခါမှာ ကသာမှာ (၁၂)ဦး၊ ကောလင်းမှာ (၉)ဦး၊ ပင်လည်ဘူးမှာ (၈)ဦး၊ ဝန်းသို မှာ (၉)ဦး၊ ထီးချိုင့်မှာ (၈)ဦး၊ စုစုပေါင်း (၄၅)ဦးပဲရှိပါတယ်။ စုစုပေါင်း လာပြတဲ့လူနာပေါင်း တစ်နှစ်လုံး ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ကနေ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)အထိ (၁၁၀၅၇)ဦးရှိတာကို တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ကတော့ လောလောဆယ်ကတော့ လူနာဦးရေအလွန်နည်းတယ်။ ဒီအချက်ကလည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်တိုင်းရင်းဆေးရုံရှိရဲ့သားနဲ့ လူနာက တစ်ရက်မှာ (၉) ယောက်လာပြတယ်။ (၈)ယောက်လာပြတယ်။ ဒီကိစ္စကို ကျွန်တော်က စုံစမ်းကြည့်ဖို့လိုပါတယ်။ ဒါကို အဖြေသိမှာသာလျင် ကျွန်တော်တို့က ဒီနေရာမှာ ဆောက်သင့်/မဆောက်သင့်ကို ကျွန်တော်တို့ စဉ်းစားမှာ ဖြစ်ပါတယ်။

     သို့သော်လည်း ဒီကသာနှင့်အနီးဆုံးဖြစ်ပြီး ရာသီမရွေးကားလမ်းနှင့် (၂)နာရီခန့်သွားပြီးတော့ (၅၈)မိုင်ရှိတဲ့ ထီးချိုင့်မြို့နယ်မှာတော့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံက ဆောက်ပြီးပါပြီ။ အဲဒီတော့ ဖွဲ့စည်းပုံရဖို့အတွက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေပြီးတော့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ ကျွန်တော်တို့ လာမယ့်နှစ်မှာ တောင်းခံမှာပါ။ ဖွဲ့စည်းပုံရရှိရင်တော့ ထီးချိုင့်မှာတော့ ဆောက်ပေးပါမယ်။ လောလောဆယ် ကသာမှာတော့ ယခုအခြေအနေအချိန်အခါအရ ဆောက်ပေးဖို့ အစီအစဉ်မရှိသေးကြောင်း ပြောကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျား။

 

 

More Tags